မြေပြိုခဲ့သည့် ရှင်မော်ဘုရားတောင် မြေထိန်းနံရံ မိုးရာသီမတိုင်မီ အပြီးသတ် တည်ဆောက်လျာထား

0
633

ယခင်နှစ် မိုးရာသီက မြေပြိုကျခဲ့သည့် ရှင်မော်ဘုရားတောင်ကုန်းတွင် မြေထိန်းနံရံကို လာမည့် မိုးရာသီမတိုင်မီ အပြီးတည်ဆောက်ရန်လျာထားကြောင်း လောင်းလုံးမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ် အင်ဂျင်နီယာ ဦးအောင်မင်းထွန်းက ပြောသည်။

မြေထိန်းနံရံ အောက်ခြေဖောင်ဒေးရှင်းကို ယခုနှစ် ဇန်န၀ါရီလ ၁၈ ရက်က စတင်တည်ဆောက်ခဲ့ပြီး အပေါ်ပိုင်းနံရံကို လာမည့်မိုးရာသီမတိုင်မီ အပြီးတည်ဆောက်ရန် လျာထားသည်ဟု ဦးအောင်မင်းထွန်းက ဆိုသည်။

“လောလောဆယ် အကုန်တော့ မဟုတ်သေးဘူး၊ အကုန်လုံးလုပ်ဖို့က အလှူရှင်တွေရပြီးရင် ရန်ပုံငွေတွေရပြီးပြီဆိုမှ ဆက်လုပ်မှာပါ၊ အပေါ်ပိုင်းတွေကျတော့ မိုးတွင်းကျလည်း လုပ်လို့ရတယ်၊ အောက်ခြေပိုင်းလေးကိုတော့ကြိုပြီး ဆောင်ရွက်ပေးထားတယ်”ဟု ဦးအောင် မင်းထွန်းက ဆိုသည်။

မြေပြင်ဖောင်ဒေးရှင်းမှ အလျား ပေ ၆၀ အမြင့် ၄၆ ပေ ခန့် မြေထိန်းနံရံအတွက် စုစုပေါင်း ငွေကျပ် ၁၅၉ သန်းခန့် ကုန်ကျ မည်ဖြစ်ပြီး တွက်ချက်ထားသည့် ခန့်မှန်း ကုန်ကျငွေစာရင်းကို တိုင်းအစိုးရထံတင်ပြ ထားကြောင်း ၎င်းက ဆိုသည်။

မြေပြိုကျစဉ်က ကုန်ကျငွေကိုတွက် ချက်ပြီး ဆောင်ရွက်ပေးမည်ဟု တိုင်း အစိုးရက ကနဦးပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ဘတ်ဂျက်မကျလာသေး သည်ကို ကြားသိရကြောင်း ရှင်မော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးဖေအောင်က ပြောသည်။

အဆိုပါမြေထိန်းနံရံကို ဘုရားရန်ပုံ ငွေဖြင့်ဆောက်လုပ်ရန်အတွက် တွက် ချက်ထားသည့် ငွေပမာဏမှာလည်း ဘုရားရန်ပုံငွေတွင် မရှိကြောင်း ဦးဖေအောင်က ဆိုသည်။

“အချိန်နောက်ကျသွားမှာ စိတ်ပူနေ တယ်၊ အခုမိုးလောက် လုပ်မဖြစ်ဘူးဆိုရင် အဲဒီ(ယခင်နှစ်မြေပြိုကျမှုကြောင့် အန္တရာယ် ရှိသည်ဟု သတ်မှတ်ထားသည့်) အဆောက် အဦးနှစ်ခုတော့ ပါသွားလိမ့်မယ်နဲ့တူတယ်၊ အထက်ထိ လုပ်လိုက်မယ်ဆိုရင်တော့ သံဃာဆောင်နဲ့ ဂေါပကရုံးအတွက် မပြိုတော့ဘူးပေါ့၊ နောက်ကနေ ကာရံပေးဖို့ လိုနေတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှင်မော် ဘုရားရင်ပြင် အရှေ့ဘက်တောင်စောင်းရှိ ဂေါပကရုံးခန်းနှင့် သံဃာအဆောင်တို့၏ နောက်ကျောဘက်ကပ်လျက်တွင် အလျား ပေ ၇၀ ခန့် မြေပြိုကျခဲ့ခြင်းကြောင့် ယင်း အဆောင်နှစ်ခုကို အန္တရာယ်ရှိ အဆောက် အအုံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မိုးမြင့်