ထီးခီးလမ်း အဆင့်မြှင့်ရေး ထိုင်းနှင့် မြန်မာ ပူးပေါင်းကာ စူးစမ်းလေ့လာရေး လုပ်ငန်းစ

0
2316

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ထီးခီးလမ်း အဆင့်မြှင့်ရန်အတွက် ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ စတင်လေ့လာလျက်ရှိကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

လက်ရှိဖောက်လုပ်ထားသည့် လမ်းတွင် မတ်စောက်နေသည့် အပိုင်းများ၊ ကွေ့ကောက်လွန်းနေသည့် နေရာများတွင် လမ်းအူကြောင်း ပြောင်းလဲရန် သို့မဟုတ် ဆင်ခြေလျောဖြေလျော့ရန် ချေးငွေထုတ် ချေးမည့် ထိုင်းနိုင်ငံ NEDA  အဖွဲ့က ငှားထားသည့် ပညာရှင်များနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများပူးပေါင်းကာ ဖေဖော်ဝါရီ လ ၁၅ ရက်က ကွင်းဆင်းလေ့လာခဲ့ကြောင်း မေတ္တာမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။

လမ်းပိုင်းကို လာရောက်ကွင်းဆင်းသည့်NRDA ၏ ပညာရှင်အဖွဲ့တွင် လမ်းပိုင်းပညာရှင်များအပြင် ရေပေး ဝေရေး၊ သဘာဝပတ်ဝန်းကျင်ပညာရှင် အစရှိသည့် ပညာရှင်များလည်း ပါဝင်ကြောင်း မေတ္တာမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၁) ဦးဇေယျာနိုင်က ဆိုသည်။

“မြေပြင် အခြေအနေကို ကွင်းဆင်း လေ့လာတဲ့ သဘောပါ”ဟု ဦးဇေယျာနိုင်က ဆိုသည်။

အဆိုပါ လမ်းအဆင့်မြှင့်မည့် ကိစ္စနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် NEDA အဖွဲ့တို့ ပူးပေါင်းကာ ကွင်းဆင်းကာ လေ့လာနေပြီး တွေ့ရှိမှုနှင့် ပတ်သက်၍ ယခုနှစ် စက်တင်ဘာလခန့်တွင် အစီရင်ခံစာထွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

ယင်းအစီရင်ခံစာတင်ပြီးချိန်တွင် ချေးငွေအတွက် မြန်မာအစိုးရနှင့် NEDA အဖွဲ့တို့ ချေးငွေအတွက် စာချုပ်ချုပ်ဆိုမည်ဖြစ်ကာ တင်ဒါခေါ်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

လမ်းလုပ်ငန်းအတွက် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် အဆင့် ၄ ရှိ မြ၀တီ – ကော့ကရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည် ဖြစ်သည်။

လမ်းအဆင့်မြှင့်မည့် မူလပုံစံတွင် လမ်းတစ်ဖက်တစ်ချက်ကို မီတာ ၂၀ ပေ ရှင်းလင်းမည်ဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်များဖြတ် သန်းနိုင်မည့် နေရာ ၁၁ ခုပါ ၀င်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်နှင့် လူမှုဘ၀အပေါ် သက်ရောက်မှုဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ်ငန်းအတွက် ထိုင်းနိုင်ငံ(NEDA) ထံမှ ချေးငွေယူရန် ၂၀၁၈ခုနှစ် မတ်လက ကျင်းပသည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် ခဲ့သည်။

ကိုဇော်