ကျောင်းပိတ်ရာသီ သာသနာ့ဘောင် ၀င်လိုက စာရင်းပေးနိုင်

0
478

ကျောင်းပိတ်ရာသီတွင် သားသမီးများကို သာသနာ့ဘောင်အတွင်း ၀င်ရောက်စေလိုပါက ထားဝယ်မြို့ရှိ မြို့မ ယဉ်ငေးသာသနာ့ရိပ်သာတွင် စာရင်းပေးနိုင်ကြောင်း အဆိုပါရိပ်သာ၏ ဆရာတော်ထံမှ သိရသည်။

အခြေခံပညာ လေးတန်းအရွယ်မှ တက္ကသိုလ်ကျောင်းသားအရွယ်အထိ သားသမီးများကို ဖေဖော်ဝါရီလကုန်ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း မြို့မယဉ်ငေးသာသနာ့ရိပ်သာ ဆရာတော် ဦးဣန္ဒဥာဏက  မိန့်သည်။

ရဟန်း၊ ကိုရင်၊ သီလရှင် သင်္ကန်းပရိက္ခရာနှင့် အသုံးအဆောင်အတွက် သတ်မှတ်ငွေကြေးကို ပေးသွင်းရမည်ဖြစ်ပြီး ငွေကြေးမတတ်နိုင်ပါက အလှူရှင်များမှ လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းက မိန့်သည်။

သာသနာ့ဘောင်သို့ မတ်လ ၂ ရက်တွင် ၀င်ရမည်ဖြစ်ပြီး ဧပြီလ ၂ ရက်မှသာ လူထွက်ရမည်ဖြစ်ကာ ယင်းကာလတွင် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို တက်ရောက်ရမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

“ရဟန်း၊ ကိုရင် ၊ သီလရှင် အားလုံးပေါင်း အပါးတစ်ထောင်လောက်မှန်း ထားတယ်”ဟု ဆရာတော် ဦးဣန္ဒဥာဏက  မိန့်သည်။

သာသနာ့ဘောင်သို့ ၀င်ရောက်မည်ဆိုပါက ခြေ၊ လက်အင်္ဂါ ပြည့်စုံရမည်ဖြစ် ပြီး ကူးစက်ရောဂါများ ကင်းစင်ရမည်ဖြစ်ကာ သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်ရမည် အစရှိသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။

ကိုဇော်