တနင်္သာရီဂျာနယ်အမှု အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေငါးသိန်း အမိန့်ချ၊ အယူခံ ဆက်တက်မည်

0
872

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အား အပြစ်ရှိသည်ဟုဆိုကာ  ထားဝယ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်ငါးသိန်း ပေးဆောင်စေရန် အမိန့်ချမှတ်လိုက်သည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့သည့် အမှု၏ ၃၆ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဖေဖော်ဝါရီလ ၁၈ ရက်တွင် သတင်းမီဒီယာဥပဒေပုဒ်မ-၂၅(ခ) အရ ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“ပြစ်မှုထင်ရှား ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်တာ တွေ့ရှိရတဲ့အတွက် ငွေဒဏ် ငါးသိန်းပေးဆောင်စေရန် အမိန့်ချမှတ်ပါတယ်”ဟု ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

မဲဆွယ်အပြုံးသရော်စာက မီဒီယာလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးစံနှုန်းများအရ ရေးသားခွင့်ရှိသည့် အတိုင်းအတာ၏ ပြင်ပကို ရောက်နေသည်ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က အမိန့်ချချိန်တွင် သုံးသပ်ခဲ့သည်။

အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက အမိန့်ချပြီး ရက် ၃၀ အတွင်း ခရိုင်တရားရုံးထံ အယူခံတင်နိုင်ကြောင်း ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

ဒဏ်ငွေကျပ်ငါးသိန်းကို မပေးဆောင်ပါက ထောင်ဒဏ် ခြောက်လကျခံရမည်ဟု အမိန့်ချခဲ့ရာ တနင်္သာရီဂျာနယ် ဘက်က ဒဏ်ငွေကျပ်ငါးသိန်းပေးဆောင် ခဲ့သည်။

“သမိုင်းတွေ ရေးကြတာပေါ့၊ တရားစွဲတဲ့ အစိုးရအဖွဲ့ ၀န်ကြီးချုပ်က သူ့သမိုင်းကို သူရေးခဲ့တာပဲလေ၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ သမိုင်းရေးခဲ့ကြတယ်၊ ရုံးတော်ကလည်း ရုံးတော်ရဲ့ သမိုင်းကို ရေးခဲ့တယ်၊ ဒါလည်း သမိုင်းတစ်ခု ဖြစ်မှာပေါ့””ဟု ဦးမျိုးအောင်က ပြောသည်။

ယင်းအမှုမှာ တနင်္သာရီဂျာနယ်အတွက်သာမက မီဒီယာလောကတစ်ခုလုံးနှင့်ပါ သက်ဆိုင်သည့်အတွက် ခရိုင် တရားရုံးထံ သတ်မှတ်ရက်အတွင်း အယူခံတင်သွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

အဆိုပါအမှုတွင် တရားလိုဘက်မှ တရားလိုအပါအ၀င် တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ပြီး သက်သေခံ စာရွက် စာတမ်းလေးခုကို တင်သွင်းခဲ့ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန် ကြားရေးမှူးနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး၏ ယာဉ်မောင်းတစ်ဦး၊ လက်ရှိ အာဏာရ NLD ပါတီ (ထားဝယ်ခရိုင်)တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးတို့က ထွက်ဆိုခဲ့သည်။

တရားခံဘက်မှ ဦးမျိုးအောင်အပါအ၀င် တရားခံပြသက်သေ ၇ ဦးထွက်ဆိုခဲ့ပြီး သက်သေခံ စာရွက်စာတမ်း ၁၄ ခုကို တင်သွင်းခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်၊ သရော်စာဆရာ ဗြိတိသျှကိုကိုမောင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ၊ စာဖတ်ပရိတ်သတ်များက ထွက်ဆိုခဲ့သည်။

ယင်းကဲ့သို့ အပြစ်ရှိကြောင်း အမိန့်ချခြင်းက အစိုးရအပေါ် ထောက်ပြဝေဖန်ရန် ပြည်သူများကြောက်ရွံ့သွားနိုင်ပြီး အမှန်ကို မပြောရဲသည့်အဆင့်ထိ ရောက်ရှိသွားနိုင်ကြောင်း တနင်္သာရီဂျာနယ်ဘက်က သက်သေထွက်ဆိုခဲ့သူတစ်ဦးဖြစ်သည့် ထားဝယ်သုတေသနအသင်းဥက္ကဋ္ဌ ဦးဇော်သူရက ဆိုသည်။

“ဒါဟာ မီဒီယာလောကတစ်ခုလုံး အတွက်လည်း မကောင်းဘူး၊ ပြည်သူတစ်ယောက်ရဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ထိခိုက်တယ်လို့ မြင်ပါတယ်”ဟု ဦးဇော်သူရက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်တွင် တိုင်းအစိုးရအပေါ် ပြည်သူလူထုတင်ပြပြောဆိုသည့် အချက်များမှာ မဲဆွယ်အပြုံး သရော်စာတွင် ဖော်ပြထားချက်များထက် ပိုမိုပြင်းထန်သည်ကို တွေ့ရသည့်အတွက် ယင်းအမှုသည် ပြစ်ဒဏ်မကျသင့်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူးဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာဖြစ်ပြီး ယင်းတရားစွဲ ဆိုမှုမှာ တနင်္သာရီတိုင်းအတွင်း NLD အစိုးရ လက်ထက် မီဒီယာကိုပထမဆုံး တရားစွဲဆိုမှု ဖြစ်သည်။

ကိုဇော်