ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ် ချေးငွေ လျှောက်နိုင်

0
1199

တိုင်းအတွင်းရှိ ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ်ချေးငွေ ချေးယူလိုပါက သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ (တနင်္သာရီတိုင်းဘဏ်ခွဲ)တိုင်း မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

သီးနှံထုတ်လုပ်နေပြီဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်း နှုန်းဖြင့် တောင်သူတစ်ဦးလျှင် ဆယ်ဧကအထိ ထုတ်ချေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လယ်ယာသုံးစက်ပစ်္စည်းများ ၀ယ်ယူရန်အတွက် ထုတ်ချေးမည့်ငွေမှ ပိုလျှံငွေများကို ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေ လျှောက်ထားလာပါက ရုံးချုပ် (ဦးဆောင်ကော်မတီ)ထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ထုတ်လုပ်မှုစရိတ် ချေး/ မချေးကိုမူ ဦးဆောင်ကော်မတီမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရော်ဘာစိုက်ထားတာနဲ့မရဘူး၊ ရော်ဘာအစေးထွက်လာမှ ရမယ်။ ကွမ်းသီးဆို အသီးထွက်မှရမယ်၊ သီဟိုဆို  အစေ့ထွက်မှ ရမယ်။ ချေးငွေတင်တဲ့သူရှိရင် လာတင်လို့ရပြီ၊ အချက်အလက် ပြည့်စုံမယ်ဆိုရင် တင်ပေးလိုက်မယ်”ဟု ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ချေးငွေလျှောက်ရာတွင် ဥယျာဉ်ခြံ အတွက် ပုံစံ(၇) အမည်ပေါက်နှင့် နေအိမ်ကို အာမခံထားရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်အတွက် ၉ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချေးငွေကို သီးနှံရာသီကုန်ချိန်တွင် အတိုးရင်းပေါင်းကာ ပြန်ဆပ်ရမည့် အနေအထားရှိကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် သီးနှံထုတ်လုပ်မှုရာသီအလိုက် စီမံချက်ရေးဆွဲပြီး ချေးငွေလျှောက် ထားရမည်ဖြစ်ကြောင်း ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

အထက်ပါ သီးနှံထုတ်လုပ်မှုစရိတ်အဖြစ် တစ်ဧကကို ထုတ်ချေးမည့် ပမာဏမှာ နည်းလွန်းနေပြီး လုပ်ဆောင်ရမည့်အချက်မှာ များပြားလွန်းနေကြောင်း ရေဖြူမြို့နယ်အတွင်းရှိ ရော်ဘာစိုက် တောင်သူတစ်ဦးက ဆိုသည်။

“မချေးပေးတာထက်စာရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် လုပ်ငန်းအတွက် အထောက်အကူဖြစ်တဲ့ ပမာဏ တစ်ခုအထိတော့ ထုတ်ချေးပေးသင့်တယ်”ဟု အထက်ပါ တောင်သူက ပြောသည်။

တိုင်းအတွင်း မြို့နယ် ၁၀ ခုတွင် ထုတ်လုပ်မှုစရိတ်ချေးငွေအတွက် ရော်ဘာ ၁၅၂၀၀ ဧက၊ ကွမ်းသီး ၇၃၀၀ ဧကနှင့် သီဟို ၃၈၀၀ ဧကကို ထုတ်ချေးရန်ု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်ထံ တိုင်းဘဏ်ခွဲက တင်ပြထားကြောင်း ၁၁ ကြိမ်မြောက် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကဖြေဆို ထားသည်။

ကိုဇော်