မောတောင်တွင် တစ်ယူနစ် ၃၀၀ ကျပ်ထက် မပိုသည့်နှုန်းဖြင့် လျှပ်စစ်မီး ပေးမည်

0
753

တနင်္သာရီမြို့နယ် မောတောင်မြို့တွင် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် ၃၀၀ ကျပ်ထက်မပိုသောနှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရန် စတင်ပြင်ဆင်နေကြောင်း Royal Myanmar Light Co.,Ltd ထံမှ သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Royal Myanmar Light Co.,Ltd နှင့် ထိုင်းနိုင်ငံအခြေစိုက် TANAOSRI PANICH Co.,Ltd တို့ အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဒီဇယ်ဈေးတက်လို့ ရှုံးရင်လည်း သုံးရာကျပ်နှုန်းနဲ့ပဲ တောက်လျှောက် ပေးသွားမယ်” Royal Myanmar Light Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောသည်။

လျှပ်စစ်ဓာတ်အား ၃ မဂ်္ဂါဝပ်ထုတ် လုပ်နိုင်မည့် ဒီဇယ်အင်ဂျင်၊ နေစွမ်းအင် (ဆိုလာစနစ်)၊ လေတာဘိုင်၊ ဘိုင်အို မက်(စ်) (ကွမ်းသီးအခွံ့များနှင့် ဆီအုန်း အခွံ့များကို အသုံးပြုလည်ပတ်သည့်စက်) စသည့် စက်ရုံများတည်ဆောက်ပြီး စက်များကို သင့်တော်သလို အလှည့်ကျလည်ပတ်ကာ လျှပ်စစ်ထုတ်လုပ်မည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် မောတောင်နယ်စပ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က ကုမ္ပဏီတာဝန်ရှိသူများက မြို့ခံများအားလာရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း မောတောင်မြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

“ဈေးလည်းသက်သာတော့ မြို့ခံတွေက ခုပဲလာပေးစေချင်နေကြပြီ”ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောသည်။

လက်ရှိတွင် မောတောင်မြို့တွင် မောတောင်နယ်စပ်တွင် မြိတ်အများပိုင်ကော်ပိုရေးရှင်းနှင့် ဖိုးသီးချိုကုမ္ပဏီတို့ ပူးပေါင်းကာ ဒီဇယ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ပြီးခဲ့သည့် ဇန်န၀ါရီလက တစ်ယူနစ်လျှင် ကျပ် ၅၅၀ နှုန်းကျသင့်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

Royal Myanmar Light Co.,Ltd နှင့် ထိုင်းကုမ္ပဏီတို့ပူးပေါင်းကာ တနင်္သာရီမြို့နယ်တွင်လည်း လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးမည်ဖြစ်ပြီး တနင်္သာရီမြို့ခံများကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် တွေ့ဆုံရှင်းလင်းမည်ဖြစ်ကြောင်း Royal Myanmar Light Co.,Ltd ထံမှ သိရ သည်။

Royal Myanmar Light Co.,Ltd အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် နေရာတို့တွင် ဒေသခံများအား ချပြရှင်းလင်းပြီး ဒေသခံများ၏ သဘောထားနှင့် အခြားလိုအပ်သည့် ကွင်းဆင်းမှု ရလဒ်တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

တိုင်းအစိုးရ၏ ခွင့်ပြုချက်ရရှိပြီး ခြောက်လအတွင်း လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

 မြင့်မိုရ်(မြိတ်)