ကားကြုံဖြင့် ကျောင်းတက်နေရသည့် ရေဖြူကျောင်းသားများအတွက် ကျောင်းကားပြေးဆွဲရန် အစီအစဉ် မရှိ

0
1031

ရေဖြူမြို့နှင့် ကလိန်အောင်မြို့အကြားရှိ ကားကြုံဖြင့် ကျောင်းတက်နေရသော အခြေခံပညာ ကျောင်းသားများ အတွက် ကျောင်းကားစီစဉ်ပေးရန် မရှိသေးကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ၀န်ကြီးဦးဟိုပင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေဖြူမြို့နှင့် ကလိန်အောင်မြို့ နှစ်ခုအကြားရှိ ကျေးရွာများတွင် အခြေခံပညာ မူလတန်းနှင့် မူလွန်ကျောင်းများ သာရှိပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိပေ။

ယင်းကြောင့် အလယ်တန်းနှင့် အထက်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူအချို့သည် အများဆုံး မိုင် ၃၀ ကျော်ဝေးသည့် ကလိန်အောင်မြို့ရှိ အထက်တန်းကျောင်းနှင့် ယင်းမြို့အနီးရှိ ကျောက်ရှပ်ရွာ အလယ်တန်းကျောင်း(ခွဲ) ကို နီးရာကားကြုံများဖြင့် တက်ရောက်နေရကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။

ရေဖြူမြို့နှင့် ကလိန်အောင်မြို့ နှစ်ခုအကြားရှိ ကျေးရွာများတွင် အခြေခံပညာ မူလတန်းနှင့် မူလွန်ကျောင်းများသာရှိပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိသည့်အတွက် တိုင်းအစိုးရအနေဖြင့် ကျောင်းကားပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ ဦးလှထွေးက တိုင်းလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ၀န်ကြီး ဦးဟိုပင်က အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ကျောင်းကားမစီစဉ်ပေးနိုင်သည်ကိုမူ ၀န်ကြီး ဦးဟိုပင်က ထည့်သွင်းဖြေကြားခဲ့ခြင်း မရှိပေ။

ကားကြုံစီးကျောင်းတက်နေရသည့် ကျောင်းသားများရှိသည့် ကျေးရွာများတွင် ကျောင်းကားများ ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာကျေးရွာ ပရဟိတအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ရေဖြူမြို့နယ် ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။

ယခင်ကလည်း သက်ဆိုင်ရာကျေးရွာများတွင် ကျောင်းကားများ ပြေးဆွဲခဲ့ဖူးပြီး ရေရှည်မခံကြသောကြာင့် တိုင်းအစိုးရ အစီအစဉ်ဖြင့် ကျောင်းကားများ ပြေးဆွဲပေးသင့်ကြောင်း ဦးမြင့်ဦးက ပြောသည်။

“တိုင်းအစိုးရကနေပြီးတော့ ကျောင်းကားတွေစီစဉ်ပေးမယ်။ ပြုပြင်ထိန်းသိမ်း ဖို့အတွက် လုပ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ပိုပြီးသင့်တော်တာပေါ့”ဟု ဦးမြင့်ဦးက ဆိုသည်။

ယခု ပညာသင်နှစ်တွင် ရေဖြူမြို့နယ်  ရေပုံးရွာ၊ ၃၆ မိုင်ရွာ၊ ကျေးဇူးတော်ရွာ၊ ဟိန္ဇဲရွာစသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူတစ်ရာကျော် ကလိန်အောင် အထက်တန်းကျောင်းနှင့် ကျောက်ရှပ်ရွာ အလယ်တန်းကျောင်း(ခွဲ)တွင် တက်ရောက်ပညာသင်ယူနေကြောင်း သိရသည်။

ကျော်သူစိုး