ပုလောတွင် စိတ်ကြွဆေးနှင့်အတူ လေသေနတ် ဖမ်းမိ

0
531

ပုလောမြို့နယ်တွင် WY စိတ်ကြွဆေးပြားများနှင့်အတူ လေသေနတ်တစ်လက်ကို ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ နေအိမ်အား မူးယစ်ဆေး ၀ါး သတင်းအရ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၀ ပြားနှင့် အရှည် သုံးပေခွဲခန့်ရှိ စတီးဘောစေ့ထည့်၍ ပစ်ခတ်ရသည့် လက်လုပ်လေသေနတ် တစ်လက်၊ စတီးဘောစေ့ ၁၅ စေ့တို့ကို ဖမ်းမိခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ စိတ်ကြွဆေးများကို ပုလောမြို့နယ် ၊ မကျည်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦထံမှ ၀ယ်ယူကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိသည့် အမျိုးသားနှင့် ကွင်းဆက်တရားခံ(ထွက်ပြေးလွတ်မြောက်ဆဲ)တို့ကို သက်ဆိုင်ရာ မူးယစ်ဆေးဝါး ဥပဒေများဖြင့် ပုလောမြို့ မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch