GGS အုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ငန်းရရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှု ပွင့်လင်းမြင်သာမှု မရှိဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

0
1615
ဓာတ်ပုံ - ဖိုးချမ်း

နိုင်ငံတော်သို့ အကြွေးကျပ် ၈ ဘီလီယံကျော် ပေးသွင်းရန် ကျန်နေသည့် GGS ကုမ္ပဏီနှင့်အုပ်စုတူဖြစ်သည့် ဆောက်လုပ်ရေးကုမ္ပဏီများအား တနင်္သာရီတိုင်းအစိုးရက လုပ်ငန်းများ လုပ်ပိုင်ခွင့်ချထားပေးမှုနှင့် ယင်းကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယင်းသို့ ဝေဖန်ကြခြင်း ဖြစ်သည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်ခြင်းလုံးအားကစားရုံ၊ ပုလောမြို့တော်ခန်းမနှင့် နေပြည်တော်ဧည့်ရိပ် သာတို့ကို GGS ကုမ္ပဏီနှင့် အုပ်စုတူကုမ္ပဏီများဖြစ်သည့် Global Grand ကုမ္ပဏီနှင့် သိန်းကမ္ဘာကုမ္ပဏီတို့က  တာဝန်ယူတည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

ထားဝယ်ခြင်းလုံးအားကစားရုံကို Global Grand ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် မညီဟုလွှတ်တော်ကိုယ်စားလှယ်တို့က ဝေဖန်ခဲ့သည်။

ယင်းလုပ်ငန်းသည် သိန်းတစ်ရာအောက် ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ကို တိုင်းအစိုးရက ကုမ္ပဏီသို့ တင်ဒါခေါ်စရာမလိုဟုဆိုကာ တိုက်ရိုက်ချထားပေးခဲ့သည်။

Global Grand ကုမ္ပဏီကလုပ်ကိုင် ခွင့်ရသည့်နောက်လုပ်ငန်းတစ်ခုဖြစ်သော ပုလောမြို့တော်ခန်းမသည်လည်း တင်ဒါခေါ်ချိန်မရသဖြင့် တိုက်ရိုက်ချပေးသည် ဟူသော တိုင်းအစိုးရအဖွဲ့၏ အကြောင်းပြချက်မှာ မှားယွင်းနေပြီး လုပ်ငန်းခွင့်ပြုချိန်တွင် ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် အချိန် ၇ လ ခန့်လိုသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောသည်။

သိန်းကမ္ဘာကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် နေပြည်တော်ဧည့်ရိပ်သာသည်လည်း တင်ဒါကို ကြေးမုံသတင်းစာတွင် ကြေညာခဲ့သော်လည်း တင်ဒါကော်မတီဖွဲ့စည်းကြောင်းအမိန့်စာများကို တင်ပြထားခြင်း၊ တင်ဒါအောင်ကုမ္ပဏီကို ထုတ်ပြန်ကြေညာခြင်းမရှိဟု ဦးကျော်မင်းက ပြောသည်။

အထက်ပါလုပ်ငန်း ၃ ခုစလုံးမှာ လုပ်ငန်းဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကြိုတင်တည်ဆောက်ခဲ့ခြင်း၊ နောက်ကျမှ အတည်ပြုပေးခြင်းသည် ဘဏ္ဍာငွေကို သေချာစွာစိစစ်မှုမရှိဘဲအသုံးပြုခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ လွဲမှားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တို့က တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ဝေဖန်ခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်းများအတွက် ပထမအရစ်မှ စတုတ္ထအရစ်ထိ လုပ်ငန်းပြီးမြောက်မှုအလိုက် ငွေထုတ်ယူရရာတွင်  တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ ခွင့်ပြုချက်၊ QC (အရည်အသွေး စိစစ်ရေး)အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ မည်သူကတာဝန်ခံ ငွေထုတ်ပေးခဲ့ သနည်းဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့သည်။

“လက်ခံနိုင်စရာ မရှိသလောက်တောင် တွေ့ရပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က လွှတ်တော်တွင် ပြောသည်။

ပုလောမြို့တော်ခန်းမအား ကျပ် သိန်း ၅၈၀၊ ထားဝယ်ခြင်းလုံး အားကစားရုံအား ကျပ်သိန်း ၅၀၊ နေပြည်တော်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာအား ကျပ် ၁၂၆၅ ဒသမ ၅ သိန်း သုံးစွဲခဲ့သည်။

အထက်ပါကုမ္ပဏီများနှင့် အုပ်စုတူ ဖြစ်သည့် GGS ကုမ္ပဏီသည် ထားဝယ် ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိပြီး ယင်းကုမ္ပဏီတွင် တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ၏ သားမက်(၀န်ကြီးချုပ်ကိုယ်ရေးအရာရှိ၏ ခင်ပွန်း)ဖြစ်သူ မန်နေဂျာအဖြစ်လည်းကောင်း၊ တာဝန်ခံအဖြစ်လည်းကောင်း လုပ်ကိုင်လျက်ရှိသည်။

Dawei Watch