ထားဝယ်အကြောင်း ရာဇ၀င်နှင့် သမိုင်းသုတေသနတွေကို ရေးသားဖော်ပြလာချိန် တစ်လျှောက်တွင် သမိုင်းသုတေသနကို စိတ်ပါဝင်စား၍ လေ့လာနေကြသော အခြားတိုင်းရင်းသားများမှ သမိုင်း သုတေသနကို စိတ်ပါဝင်စားကြသူများ မကြာမကြာ မေးတတ်သည့် ကျွန်တော် အမေးခံရလေ့ရှိသည့် မေးခွန်းများစွာထဲ၌ တစ်ခုမှာ
“ထားဝယ်ဆိုသည့် ဝေါဟာရ၏ အနက်အဓိပ်္ပာယ်မှာ မည်သို့နည်း”ဟူ၍ ဖြစ်ပါသည်။ စကားပြောပုံစံဖြင့်ပြောလျှင် “ထားဝယ်ဆိုတဲ့စကား အဓိပ္ပာယ်က ဘာလဲ”ဟူ၍ မေးလေ့ ရှိကြသည်။
ထိုအမေးစကားများကို ယခင်လေးငါး နှစ်ခန့်ကတည်းက ဆိုရှယ်မီဒီယာများတွင် ကျွန်တော် အကြိမ်ကြိမ် ရေးသား ဖြေကြားပေးခဲ့ပြီးဖြစ်သော်လည်း ပုံနှိပ်ပေါ်တွင် တစ်ကြိမ်မှ မဖော်ပြဖြစ်ခဲ့ချေ။
ဤဆောင်းပါးသည် ယနေ့ခေတ် ကာလသုံး သုတေသနစံသဘောနှင့် ရေးသားထားသည့် စာတမ်းအားဆိုင်ရာ ပညာရပ်သဘောနှင့် အလှမ်းဝေးကာ စိမ်းနေသေးသည့်သူများအတွက် ရိုးရှင်းလွယ်ကူစွာ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ဆောင်းပါးဟန် ပြန်ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ သို့ပါ၍ အချို့နေရာ များတွင် စာတမ်းကဲ့သို့ ပညာရပ်ဆိုင်ရာ ထုံးနည်းများအတိုင်း တင်ပြရမည့် အချက်အလက်များ အကုန်အစင် အပြည့်အအ၀ ပါဝင်ခြင်း မရှိသလို ဆောင်းပါးတွင်ရည်ညွှန်း ကိုးကားများနှင့်တကွ အတိအကျဖော်ပြ၍ မဖြစ်နိုင်သောကြောင့် လိုရင်းအနှစ်ချုပ်သဘောမျှကို တင်ပြပေးထားရာ ကျွန်တော့် တင်ပြပုံညံ့ဖျင်းသဖြင့် အချို့ နေရာများတွင် သဘောမပေါက်ခြင်း ပါဝင်သင့်သည်များ မပါဝင်ဘဲ လစ်ဟာနေသည်များ ပါကောင်း ပါနေနိုင်သေးသည်ဖြစ်သည်။
ထို့ကြောင့် ဆောင်းပါးတိုမျှကိုသာကြည့်၍ အထင်မှား အမှတ်မှား မဖြစ်ကြစေရန် မူလစာတမ်းကို ဖတ်ဖူးကြသော သက်ဆိုင်ရာ ပညာရှင်တန်းမှ ဆရာများကြား အငြင်းပွားဖွယ်မရှိ အသိအမှတ်ပြု သဘောကျလက်ခံသည့် တင်ပြချက်တစ်ခု ဖြစ်ပါကြောင်း စာဖတ်သူများအား ကြိုတင် အသိပေးတင်ပြအပ်ပါသည်။
ထားဝယ်လူမျိုး ဒေသခံထားဝယ်များ အနေဖြင့်လည်း မိမိတို့ကို တစ်ဦး တစ်ယောက်က ဤသို့ အမေးရှိလာခဲ့သော် ဖြေတတ်နေကြရန် အနက်ဟောနှင့် အဓိပ္ပာယ်ဘာသာပြန် တို့ကိုသိမှတ်ထားဖို့ အထူးလိုအပ်ပါသည်။
“ထားဝယ်ဆိုတာ ဘာလဲ”ဟု မေးလာသည်ကို ထားဝယ်တစ်ဦးအနေနှင့် မဖြေတတ်ဖြစ်နေသည်ရှိသော် ရှက်ဖွယ်ဖြစ်သလို တခြားသူများ အထင်အမြင်တွင် တစ်မျိုးတစ်မည် ဖြစ်သွားစေနိုင်ပါသည်။ ထိုကြောင့် ထားဝယ်ဒေသခံများ အပါအ၀င် အခြားနယ်များမှ ဒေသန္တရသမိုင်းကို စိတ်ဝင်စားကြသူများ သမိုင်းသုတေသန သမားများ တိုတိုနှင့်လိုရင်းကို သဘောမိသိမှတ်နိုင်ကြပါစေရန် စာတမ်းကို အနှစ်ချုပ်၍ ဤဆောင်းပါးတိုအဖြစ် တင်ပြအပ်ပါသည်။
ဤဆောင်းပါးပါ အဖြေစာသည် နောက်ရေးရာဇ၀င်များလာ အစဉ်အလာ ယုံကြည်ချက်များဖြင့် ဝေါဟာရတစ်ခု အပေါ်ထိုစကားမှ ဆင်းသက်လာသည်။ ဤစကားမှဖြစ်လာသည်ဟု ယုတ်္တိမတန် ပညာရပ်ဆိုင်ရာနည်းလမ်းမကျသော အယူအဆများကို သုံးသပ်ဝေဖန်ထား ခြင်းမဟုတ်ဘဲ စကားလုံး ဝေါဟာရကို သက်ဆိုင်ရာပညာရပ်ဘောင်အတွင်းမှ စနစ်တကျ လေ့လာတင်ပြထားခြင်းဖြစ် သောကြောင့် ပညာရှင်များမှ သဘောကျ လက်ခံကြခြင်းလည်း ဖြစ်သည်။ ဝေါဟာရ တခု၏ အနက်အဓိပ္ပာယ်ကို ဘာသာဗေဒ ရှုထောင့်မှ ချဉ်းကပ်ပြီး သမိုင်းဘာသာဗေဒခေါ် စကားရင်းမြစ်စစ်ဆေးခြင်း ပညာရပ် နည်းစနစ်ဖြင့် ထုတ်ဖော်တင်ပြပေးထားပါသည်။
ထားဝယ်ဟူသော ဝေါဟာရကို ပုဂံခေတ်ကျောက်စာတို့တွင် “ထ၀ယ်””ဟု ရေးလေ့ရှိပါသည်။ အခြားရေးထုံးဟန် အချို့ကိုလည်း တွေရပါသည်။ တင်ပလ္လင် ခွေရုပ်ပွားတော်ကို ထ၀ယ်ဘုရားလို့ ရေးသည်ကိုလည်း တွေ့ရသည်။ “ရှုယ်ရည်ရိယ်သော ထ၀ယ်ပုရှာအရပ်။ ပုရှာတန်ထိမ် သုံဆူ လေထားဧအ်” (၆၂၇ ခုစွဲ မင်းဝိုင်းကျောက်စာ ပုဂံမြို့။ ၉။) ခေတ်အသုံးသို့ဖလှယ်သော်“ရွှေရည်ရေး သောထ၀ယ် ဘုရားအရပ် ဘုရားတန်ထိမ် သုံးဆူတည်ထားလေ၏။” “အရှိုယ့်အယ် မျက်နှာထ၀ယ် ၅ တောင်သောပုရှာလေ ပ်္လုဧအ်။”(၅၉၁ ခုစွဲ ပုဂံမြို့ ကြံသိုင်းကြီးသမီး ကျောက်စာ ။ ၄။၅။) [မှတ်ချက်။ အရှိုယ်အယ်တွင် ရှိယ်မှ “ယ်” အောက်တွင် “အ” ရှိသည်။ ယင်း “အ”သည် ကီးဘုတ်တွင် မပါဝင်ပါသဖြင့် ရိုက်သွင်း ဖော်ပြ၍ မရသည့် အခက်အခဲရှိသောကြောင့် ယင်း “အ”” နေရာတွင် ၎င်းနှင့်အတူတူ ဖြစ်သည့် ခေတ်အသုံး အောက်မြစ်ကို ရိုက်ပြထားပါသည်။
ဆက်စပ်သုတအနေဖြင့် သိမှတ်ကြ နိုင်ပါစေရန် ဘုရားနှင့် စပ်သော အခေါ် အချို့ကို လိုရင်းအနေဖြင့် ထည့်သွင်း ဖော်ပြပေးပါမည်။ ယနေ့အခေါ် ရပ်တော်မူဘုရားကို “ဘုရားရပ်”ဟုပြီး လျောင်းတော်မူကို “ဘုရားတန်ထိမ်း”ဟု ရေးသားခေါ်ဆိုကြ ပါသည်။ ထားဝယ် ဟူသော ဝေါဟာရနှင့် နီးစပ်ပုဒ်ဖြစ်သည့် ထက်ဝယ် ဟူသောအရေးအသားလည်း တွေ့ရသည်။ သို့သော် အနက်ဟောနှင့် အဓိပ်္ပာယ် ဘာသာပြန်အားဖြင့် တူညီမှု မရှိပေ။ သီးခြားစီသာ ဖြစ်သည်။ ထက် ၀ယ်ဆိုသော ဝေါဟာရ ကို “ထက်ဝယ်ဖွဲ့ ခွေနေတော်မူသည်”ဆိုသည့် နေရာတွင် သုံးသည်ကို တွေ့ရသည်။
ထားဝယ်ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ပုဒ်တစ်ခုစီ၏ အနက်ဟောကို စစ်တမ်းထုတ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရပါသည်။ တူးဖော်တွေ့ရှိပြီးသမျှ အနေအထားတွင် အစောဆုံးတွေ့ရသော ထားဝယ်ဟူသော ဝေါဟာရ၏ မူလ အရေးအသားမှာ “ထ၀ယ်”” ဟူ၍ ဖြစ် သည်။ ၎င်းင်းဝေါဟာရမှ “ထ” ၏ အနက်ဟောကို ပထမ တင်ပြပေးပါမည်။
ဘာသာဗေဒပညာရပ်ဆိုင်ရာအလို အားဖြင့် စကားအုပ်စုတူညီသောနယ်ပယ် များအပြင် ပညာရပ်ဘောင်အတွင်း ခွင့်ပြု ထားသည့် နယ်ပယ်များအထိ စစ်ယူနိုင်သော မိမိလက်လှမ်းမှီသမျှတွင် “ထ”ဟူသည့်ပုဒ်ကို စစ်တမ်းထုတ်ကြည့်ရာ “နှုင်း”ဘာသာတွင် “ထ”ကို “အိုး”။ တင်ခုလ်နာဂဘာသာတွင် “ထာထမ်”ကို ထမင်းအိုး ဟင်းအိုး။ ကချင်ဘာသာတွင် အိုးဟော “ဒိဒု”။ တရုတ်တွင် ထောထော် ဒေါ မြေအိုး မြေခွက် ။ မြန်မာဘာသာတွင် အိုးကြီးကို ““ဒေါ်မား”ဟု ခေါ်သည်။ “မား” ၏ အနက်မှာ “ကြီး”ဖြစ်သည်။ “အိုး’’ အခေါ် “ဒေါ”ပုဒ် နှင့် မိတ်တူ ဖြစ်၍ “အိုး” အဟော ဖြစ်ပါသည်။ ဤတွင် ထနှင့် ၀ဂ်တူဖြစ်သည့် တ တယ် တော် တို့နှင့် မိတ်တူလည်း ဖြစ်နေသောကြောင့် “ကြီး မား”ဟော “ထယ်” ပုဒ်ပျက် ဖြစ်နေမည် လားဟူ၍ တွေးဆချင့်ယူနိုင်သည်လည်း ရှိသည်။ ထ ထယ် ပုဒ်တို့၏ မိတ်တူပုဒ် များကို အကျဉ်းအားဖြင့် အနည်းငယ်မဆ ဖော်ပြရသော်-
ဘာသာ စကား အနက်
အဗောမိရီ တ ကြီး၊ အကြီး ကြီးမား
မိကီရ် ထေ ။
နုင်း ထယ် ။
ပေါင်းရှေ့ချင်း ထုမ် အကြီး၊ကြီး၊ အထီး
တိဗက် မ်ထော မြင့်၊ မြင့်မား
တရုတ် ထော ထော် အရင်းခံ၊
ပထမ စသည်ဖြင့် တွေ့နိုင်ပါသည်။
“၀ယ်” ပုဒ်၏ အနက်ဟော
ရှေးခေတ်ကျောက်စာတို့တွင် ဗယ် ညာ ဆိုသည့်ဝေါဟာရ စကားများအစား လက်ဝယ် လကျာ လက်ယာ ဆိုသည်တို့ ကိုသာ တွေ့ရပါသည်။ တွေ့နိုင်ပါသည်။ အနည်းငယ်မျှ ဖော်ပြရသော်
“လက်ဝယ်ပုခမ် လကျာပုခမ်သြက်”
(၆၁၁ ခုစွဲ စလေမြို့အရှေ့ ကျစွာမင်း အမိန့်တော်ပြန်တမ်း)
“လကျာနံတောင်ဝင် ၂ လက်ဝက် ခ်္လင်ရုယ်”
(၆၂၇ စွဲ ပုဂံမြို့ ကုသ သမုတိဘုရား ကျောက်စာ)
“လက်ဝယ်”တွင် “၀ယ်”ပုဒ် ။ “လ ကျာ” လက်ယာတွင် “ယာ” ပုဒ်။ ၀ယ်နှင့် ယာ ပုဒ်နှစ်ခုသည် နှောင်းခတ်များတွင် ဗယ်နှင့်ညာအဖြစ် ပြောင်းလဲသုံးစွဲလာ သည်။ ဖြစ်လာသည်။ ဤသည်ကိုကြည့်၍ ရှေးခေတ်တွင် “၀ယ်”ဟု ရေးခြင်းသည် “၀ယ်”ဟု ၀သဇ်္ဇနီသံမပါဘဲ ရွတ်ဆို သည်လို့ ယူရပါသည်။ ယင်းအပြင် ဝေါဟာရပြောင်းထုံးစနစ်အရ “ယ်” ယပက်လက် သတ်သည် ( –ဲ) နှင့် အတူတူသာဖြစ်သည်။ နောက်ပိုင်း ခေတ်များတွင် “၀ဲ” ဆိုသည်ကို ၀သဇ္ဇနီသံ ထည့်ပြီး ပြောင်းလဲရွတ်ဆိုလာခြင်းလည်း ဖြစ်ပါသည်။ “၀ယ်”မှ “ဗယ်” “ယာ”မှ “ညာ” ဗျည်းသံများ ပြောင်းလဲပုံကို မှတ်သား သင့်သည်။ ထို့အတူပင် “ပ” “ဗ” “၀” တို့သည်လည်း ဆက်သွယ် ချက်ရှိပြီး ပြောင်းလဲတတ်သည်ကိုလည်း တွေ့ရသည်။
အနွယ်တူဘာသာများထဲမှ မိတ်တူ သည်များကို ကြည့်သည့် အခါ “၀ယ်” “၀ဲ” ဆိုသော ပုဒ်တို့ကို “မူလက။ အောက်။ အနိမ့်။ အောက်ဘက်။ အနိမ့်ဘက်။ ယာ။ အထက်။ အမြင့်။” စသည်တို့ကို တွေ့ရ ပါသည်။ အောက်တွင် အနည်းငယ်မျှ ကြည့်ပါ။
တိဗက် ယ အထက် အပေါ် အမြင့်
ယန် ယရ်ယသ် ။
ဂ်ယသ် ယာဘက်
တရုတ် ယု ။
မရု ယော ။
မုဆိုး ရှာ ။
ကချင် ခြာ ။
ယု အောက်ဆင်း
ထိုင် ခွာ ယာဘက်
ကချင် က၀ု လ၀ု အောက် အကြေ အနိမ့်
ပဲ ၀ဲဘက်
လိစု ၀ု အနိမ့် အောက်
နုင်း အဲရ် ။
ချင်း ဗေး(လန) ၀ဲဘက်
မွန် ပဲါး ။
ယင်းတို့ကိုထောက်၍ “၀ယ်” “၀ဲ” ပုဒ်တို့၏အနက်ဟောသည် “အောက်။အကြေ။အနိမ့်။အောက်အရပ်” စသည့် အနက်ဟောဖြစ်သည်ကို တွေ့ရသည်။ တွေ့နိုင်ပါသည်။ ထိုပုဒ်များ၏ အနက်ဟောများအရ “ထ၀ယ်” ဟူသော ဝေါဟာရ ၏ အနက်ဟောကိုဖွင့်ဆိုလျှင် လူမျိုးကို မူတည်၍ ဖွင့်သော် –
“ထ။ထယ်”ပုဒ်ဟော
တရုတ်စကား ထော။ထော် အရင်းခံ။ပထမ
ပေါင်းရှေ့ချင်း ထုမ် အကြီး။ကြီး
နုင်း ထယ် ။
ထို့အပြင် တရုတ်တို့သမိုင်းမှတ် တမ်းပါ ထားဝယ်ကိုခေါ်ဆိုရာ ဖြစ်သော “ထော်ဝမ်” ဟူသောစကားရပ်နှင့် ဆက်၍ ယူသော်
ထ = မူလ ပထမ အရင်းခံ အကြီး
ဝယ်ဝဲ = အောက်အရပ် အကြေ အရပ် အနိမ့်အရပ်
အချုပ်သဘောအနေဖြင့် ပုဒ်တစ်ခုစီ ၏ အဟောကို ထိုသို့ ရပါသည်။
“ထားဝယ်ဟူသည့် ဝေါဟာရ၏အဓိပ်္ပာယ်”
“ထ၀ယ်”ဟူသည့်ပုဒ်၏ အနက် ဟောသည် အောက်အရပ်မှ မူလပထမ အရင်းခံလူကြီး(အကိုကြီး)များ” ဟု အနက်ရသည်။ နောက်တစ်နည်းအားဖြင့် ထားဝယ်တို့၏နေရပ် ပထ၀ီ ကြောင်းအရ တည်၍ဖွင့်ဆိုသော် ထားဝယ်အရပ်သည် တောင်ပတ်လည်ဝိုင်းလျက်ရှိရာ “အိုးကြီး” ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ဤသည်ကို ထောက်၍ “မြေနိမ့်ပိုင်းတွင် နေထိုင်သော အရင်းခံလူမျိုးများ” ဟူ၍လည်း အနက်ရသည်။
ကျွန်တော့်အနေဖြင့် အထက်ပါကဲ့သို့ အနက်ဖွင့်ပြထားသော်လည်း ပုဒ်တစ်ခုစီ၏ အနက်ဟောကို ပညာရပ် ဆိုင်ရာ သဘောအရ လိုရင်းကိုတင်ပြပေး ထားပြီး ဖြစ်ပါသဖြင့် ဆိုင်ရာဘာသာ ရပ်ကို တတ်သိနားလည်၍ ကျွမ်းကျင် ကြသော ပညာရှင်အသီးသီးတို့၏ ပိုမို ကောင်းမြတ်ဆီလျော်သည့် အနက်ဟော အပေါ် အဓိပ်္ပာယ်ဖွင့်ဆို ဘာသာပြန်ချက် များကို ငံ့လင့်နေပါသေး၏။ ပိုကောင်း မြတ်သည်ကိုသာရယူလိုပါသည်။ ထိုကြောင့် ကျွန်တော်ဖွင့်ဆိုထားချက်မျှ ဖြင့် ရပ်တန့်မနေကြဘဲ တင်ပြပါ အခြေခံ အချက်အလက်များကို စည်းဘောင် အတွင်းမှ လိုအပ်သလို ယူငင်အသုံးချပြီး ပိုမိုကောင်းမြတ်ဆီလျော်သော ဖွင့်ဆိုပုံ ဘာသာပြန်များကို ဆင့်ပွားကြံဆ ရေးသားဖော်ပြနိုင်ကြပါစေရန် ရည်သန်တိုက်တွန်း အပ်ပါသည်။ ။
အာကာဖြိုး(ကံပေါက်)