နည်းနည်း လျှော့ပေးပါ

0
689

မကြာမီ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပတော့မည်။ ပိုပြီးတိတိကျကျပြောရလျှင် လာမည့် မတ်လ ၆ ရက်နေ့ဆိုလျှင် ကျောင်းသားကျောင်းသူများ စာမေးပွဲ စတင်ဖြေဆိုကြရတော့မည်။ နှစ်တိုင်း ဤအချိန်ရောက်လျှင် တက္ကသိုလ်ဝင်တန်းနှင့် သက်ဆိုင်သည့် ဆောင်းပါးတစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးဖြစ်နေကျ။ ယခုနှစ်အတွက် ဘာရေးရလျှင် ကောင်းမလဲစဉ်းစားရင်း သောကြာနေ့သို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ရေးရမည့်အကြောင်းအရာက ရေရေရာရာ မရှိသေး။ ဆောင်းပါးတစ်ပုဒ် ဖြစ်လျှင်ပြီးရောဆိုပြီးလည်း ပေါ့ပေါ့တန် မရေးလိုသဖြင့် မရေးတော့ဘူးဟု ဆုံးဖြတ်ထားသည်။

သို့သော်လည်း ရေးချင်စိတ်ပေါ်နေသည့် အကြောင်းအရာတစ်ခု ခေါင်းထဲတွင် ရှိနေသည်ကတော့ အမှန်။ ကံအားလျော်စွာပင် ထိုအကြောင်းအရာကို ပိုပြီးလေးနက်အောင် ပံ့ပိုးပေးမည့် အကြောင်းအရာတစ်ခု က ထပ်ရှိလာ ပြန်သည်။ ထို့ကြောင့်ပင်လျှင် ဤဆောင်းပါးကို ရေးဖြစ်ခြင်း ဖြစ်သည်။

စိတ်ကူးထဲတွင် ပထမဆုံးရှိနှင့်နေသည့် အကြောင်းအရာက ဆရာတင်ညွန့်၏ ဖေ့စ်ဘွတ်(ခ်)ပို့(စ်)တစ်ခုနှင့် သက်ဆိုင်သည်။ ဆရာတင်ညွန့်၏ “အတ္တသမားတွေ ကြီးစိုးနေတဲ့ရွာ”လို့ နာမည်ပေးထားသည့် ပို့(စ်)တစ်ခုတွင် တောင်ကိုရီးယားတွင် နှစ်စဉ် နိုဝင်ဘာလ အစပိုင်းဆိုလျှင် တိတ်ဆိတ်နေတတ်သည်ဟု ဘီဘီစီသတင်းတစ်ပုဒ်တွင် နားထောင် လိုက်ရကြောင်းဆိုသည်။

နိုဝင်ဘာလ အစပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြရသည်။ ထိုသတ်မှတ်ရက်အတွင်း လေယာဉ်တောင်မှ မထွက်ဟုဆိုသည်။ ဘဏ်များလည်း ပိတ်သည်ဟု ဆိုသည်။ စစ်တပ်သည်ပင် လျှင် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထား ပေးရသည်။

ထိုလတွင် ထူးထူးခြားခြား တစ်နိုင်ငံလုံး တိတ်ဆိတ်နေအောင် လုပ်ထားရသည့် အကြောင်းရင်းက ကျွန်တော်တို့ဆီက တက္ကသိုလ်ဝင်တန်းကဲ့သို့သော စာမေးပွဲတစ်ခု ရှိနေ၍ဖြစ်သည်။

College  Scholastic Ability Tests(CSAT)  စာမေးပွဲ ဖြစ်သည်။ ထိုစာမေးပွဲရှိနေ၍ တစ်နိုင်ငံလုံး တိတ်နေအောင်နေပေးကြ သည်ဟု ဆိုသည်။ ကလေးများ တက္ကသိုလ် ဆက်တက်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းအတွက် အရေးကြီးသည့်စာမေးပွဲ ဖြစ်နေသောကြောင့် နိုင်ငံတော်က အထူး အခွင့်အရေးပေးထားခြင်း ဖြစ်သည်။ စာမေးပွဲဖြေဆိုရန်လာသည့် ကျောင်းသားများပင် ခြေသံပြင်းပြင်း မလှမ်းကြဟု ဆိုသည်။

ကျွန်တော်တို့နိုင်ငံမှာရော တက္တသိုလ်ဝင်တန်းကျောင်းသားများကို ဘယ်လောက်ထိ တန်ဖိုးထားကြသလဲ။ မိဘများ ကတော့ ဆယ်တန်းစာမေးပွဲနီးပြီဆိုလျှင် ပိုပြီးသည်းသည်းလှုပ် ဖြစ်လာသည်။ မိဘအားလုံးကို တော့ မဆိုလိုပါ။ နှစ်စကတည်းက ဂရုတစိုက် ရှိကြသည့် မိဘများလည်း ရှိသည်။ သို့သော် ရာခိုင်နှုန်းတော့ နည်းသည်။ တစ်ချို့ မိဘများက အလုပ်အခြေအနေကြောင့် သားသမီးများကို ဂရုစိုက်မှုအပိုင်း တွင် အားနည်းသွားသည်လည်း ဖြစ်နိုင်သည်။

အစိုးရပိုင်းကို ကြည့်ပြန်လျှင်လည်း အောင်ချက်မြင့်မားအောင်လုပ်ကြဖို့ ညွှန်ကြားမှုမျိုးစုံတော့ပေးသည်။ သို့သော် အောင်ချက်မြင့်မားအောင် ဘယ်လိုလုပ်ရ မည်ဆိုသည်ကိုမူ တိတိကျကျ မညွှန်ကြား နိုင်သလို၊ အကူအညီလည်း မပေးနိုင်။ သို့သော်လည်း တက္ကသိုလ်ဝင်တန်းတွင် အောင်ချက်ကျလျှင်တော့ ထုချေလွှာ တောင်းဖို့ရန်အတွက် အဆင်သင့်။ 

နောက်တစ်ချက်မှာ အစိုးရသည်လည်း တချို့သောမိဘများနှင့် မကွာခြားလှ။ စာမေးပွဲဖြေသည့်ရက်အတွင်းဆိုလျှင်တော့ နည်းနည်း ဂရုစိုက်တတ်သည်။ စာစစ်ဌာနရှိသည့် ကျောင်းများရှေ့မှ လူနှင့်ယာဉ်များသွားလာမှုကို ကန့်သတ် ပေးသည်။ ဤသည်မှာလည်း စာမေးပွဲ ဖြေဆိုနေချိန်အတွင်း စာဖြေသူများအနှောင့်အယှက်ဖြစ်မည့်အရေး စိုးရိမ်စိတ်ထက်၊ လုံခြုံရေးအတွက် ဦးစားပေးမှုက ပိုနေနိုင်သည်။ စာမေးပွဲကာလ ညပိုင်းဆိုလျှင်တော့ စားသောက်ဆိုင်များကို ညဘယ်အချိန်ထိ သာ ဖွင့်ရမည်ဆိုသည့် ညွှန်ကြားချက်မျိုး တော့ ထုတ်သည်ထင်ရ၏။  သို့သော် အခြားကြပ်မတ်သင့် သည့်အရာတွေကများစွာ ကျန်နေဆဲ။

ကျွန်တော်အထက်တွင် ပြောခဲ့သည့် အထဲတွင် ဤဆောင်းပါးရေးဖြစ်ရန်အတွက် တွန်းအားဖြစ်စေသည့် ဒုတိယအချက် တစ်ချက်ကို ပြောပြချင်ပါသည်။ ထိုအချက်ကို သိရလျှင် ကျွန်တော်တို့ နောက်ထပ် ဘာတွေထပ်မံ လုပ်ဆောင်ဖို့ လိုအပ်နေသေး သလဲဆိုသည်ကို သိရပေမည်။ ဖေ့စ်ဘွတ်(ခ်) ပေါ်တင်ထားသည့် ဇာတ်လမ်းတိုလေး တစ်ခုကို ယနေ့မနက်ပိုင်းက ကြည့်ဖြစ်သည်။ ဇာတ်လမ်းတိုကို ဖန်တီးထားသည့် သူ၏အမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ဇာတ်လမ်းတို၏နာမည်က “ရှူးတိုးတိုး” ဖြစ်သည်။

သူပေးလိုသည့် မက်ဆေ့ခ်ျက ကျောင်းသားလူငယ်များ စာကိုလေ့လာကျက်မှတ် သည့်နေရာတွင် အနှောင့်အယှက် ဖြစ်စေသည့် အသံများကို တိုးပေးဖို့ဖြစ်သည်။ အိမ်သားများ၏

တီဗွီအသံ၊ မိဘနှစ်ပါး၏ စကားများရန်ဖြစ်သံ၊ ဘောလုံးပွဲအားပေးသည့်အသံ၊ မပါမဖြစ်သည့် လော်စပီ ကာအသံ၊ ကားဟွန်းသံ၊ လူငယ်များ၏ ဂီတာဝိုင်းမှ သီချင်းသံစသည့်အသံပေါင်းများစွာကို တိုးပေးဖို့ဖြစ်သည်။

မြို့ပေါ်တွင်တော့ ထီလှည်း၊ အိုက်စခရင်ရောင်းသည့်လှည်း၊ အလှူခံ၊ ကြော်ငြာ စသည်တို့၏ အသံများကအဓိက အနှောင့်အယှက် ဖြစ်နိုင်သည်။ အလှူမင်္ဂလာပွဲများမှ ဖွင့်သည့် လော်စပီကာသံကိုတော့ ကျေး လက်ဒေသများလောက် ဆိုးဆိုးဝါးဝါး မခံစားရ။ ခန်းမထဲတွင် ကျင်းပသည့် ပွဲကများသလို၊ အချိန်ကလည်း တိုသော ကြောင့် ဖြစ်သည်။ နယ်ဘက်တွင်ဆိုလျှင်တော့ လော်စပီကာဖွင့်သည့်အချိန်က အနည်းဆုံး ဆယ်နာရီခန့်ကြာသည်။ ထိုထက်ဆိုးသည်က စာမေးပွဲနှင့်နီးသည့် အချိန်မျိုးတွင် ဇာတ်ပွဲများကို ခွင့်ပြုချက် ပါမစ်ပေးသည့်ကိစ္စ ဖြစ်သည်။ တကယ်ဆိုလျှင်တော့ စာမေးပွဲရာသီနှင့် စာမေးပွဲနှင့်နီး သည့်အချိန်မျိုးတွင် ဇာတ်ပွဲကပြခွင့်ပါမစ်ကို သေချာစိစစ်ပြီးမှ ခွင့်ပြုသင့်ပေသည်။

ကျွန်တော့အနေဖြင့် တာဝန်ရှိသူများ ကို အဓိကတောင်းဆိုချင်သည့် အချက်တစ် ချက်က စာမေးပွဲရာသီ သို့မဟုတ် စာမေးပွဲ နှင့်နီးနေသည့် အချိန်ကာလအပိုင်းအခြားတွင် လျှပ်စစ်မီးကို မပြတ်တောက်အောင် ကြိုတင် စီမံချက်ရေး ဆွဲထားရန် ဖြစ်သည်။ စာကျက်၍ အာရုံစူးစိုက်မှုကောင်းနေချိန်မျိုးတွင် မီးပျက်သွားပါက ကျောင်းသားများ အတွက် များစွာစိတ်ကသိကအောက် ဖြစ်ကြရသည်။ မတ်လသည် ပူပြင်းသည့် လတစ်လဖြစ်သည်ကို အထူးပြောနေစရာ ပင်မလို။ ထိုအချိန်မျိုးတွင် မီပျက်၍ ဖယောင်းတိုင်မီးသုံးပြီး စာကျက်ရမည် ဆိုလျှင် မီးဘေးအန်္တရာယ်အတွက် များစွာစိုး ရိမ်ရသည်။ ထို့ကြောင့် လျှပ်စစ်မီးလေးတစ် ခုကိုတော့ မပြတ်တောက်အောင် ၀န်ဆောင်မှုပေးဖို့ အထူးပန်ကြားလိုပါ သည်။

အချုပ်အားဖြင့် ကျွန်တော်တို့ မိဘများ၊ ပြည်သူများအနေဖြင့်လည်း စာကျက်နေသည့်၊ အထူးသဖြင့် တက်္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားလူငယ်လေးများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော အသံမျိုးကို မပြုလုပ်ကြဖို့ တိုက်တွန်းလိုပါ သည်။ နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းထမ်း ဆောင်ကြမည့် လူတော်လူကောင်းများကို ရွေးထုတ်ရမည့် စာမေးပွဲကြီးကို တန်ဖိုးထားပါလျှင် ကျောင်းသားလူငယ်လေးများ အတွက် ကျွန်တော်တို့အားလုံး ဆင်ခြင် ကြရပေမည်။ အလေးအနက်ထားပေး ကြရပေမည်။ ဒီမိုကရေစီခေတ်မှာ ငါတို့လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုသည့် စိတ်မျိုးမှာ လုံးဝမထားသင့်သော လွဲမှားသည့်ယူဆချက်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ကိုယ်ချင်းစာစိတ်လေးထားပြီး အားလုံးဆင်ခြင်စောင့်ထိန်းကြစေချင်သည်။

ကျွန်တော်တို့အားလုံး စာမေးပွဲချိန်အတွင်း အသံလေးတွေ လျှော့ကြရ အောင်ပါ။               ။

သန်းဇော်ဦး(ရလိုင်)