စင်ကာပူကို အမီလိုက်ကြမယ်

0
770

ဒီနေ့ (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်ပေါ့။

မနက်ပိုင်း ကျောက်တိုင်ကွင်းမှာ ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ ရှိတာရယ်၊ အိမ်ရှေ့မှာ အစောကြီး နိုင်ငံတော်အလံ လွှင့်ချင်တာရယ်ကြောင့် မနက်လေးနာရီခွဲ အိပ်ရာထဖို့ နှိုးစက်ပေးထားမိတယ်။ စိတ်စောနေ၍ထင်သည်။ မနက်လေးနာရီ ထိုးဖို့ ၁၅ မိနစ်လိုကတည်းက အိပ်မရတော့။ နှိုးစက်မမြည်ခင်ကိုယ်က အရင်နိုးပြီး မနက်ပိုင်းလုပ်ရမယ့် ပြုဖွယ်ကိစ္စများ ဆောင်ရွက်ပြီးတော့ နာရီကြည့်တော့ အချိန်က စောသေးတယ်။ ကျွန်တော်လည်း ရုံးခန်းလေးအတွင်း ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ လှန်လှောကြည့်ရှုရင်း ရောက်တတ်ရာရာ စဉ်းစားမိတော့တယ်။

သတင်းစာကြည့်ရင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းလည်း ခေါင်းထဲအလိုလို ရောက်လာတယ်။ ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ရော ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တို့မှာ ဆက်နေတယ်။ လွန်ခဲ့သောအနှစ် ၇၀ကျော်က ဒီလိုဆောင်းတွင်း အေးအေးလေးမှာ အေးချမ်းလှပါတယ်ဆိုတဲ့ ရှမ်းပြည်နယ်ရဲ့ပင်လုံမြို့မှာ ဗိုလ်ချုပ်နှင့်တကွ တိုင်းရင်းသားတွေ စုစုစည်းစည်းနဲ့ မြေပြန့်တောင်ပေါ်မခွဲ လွတ်လပ်ရေးကို အရယူမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့၊ သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တယ်။ နောက်နေ့ ၁၉၄၇ ဖေဖော်ဝါရီလ ၁၃ရက်ဆိုရင် ဗိုလ်ချုပ်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့၊ အသက် ငယ်ရွယ်လှသော်လည်း ကြီးမားသော နိုင်ငံတာဝန်ကို ပင်ပန်းကြီးစွာထမ်းရွက် နေရတဲ့အတွက် ဗိုလ်ချုပ်ကိုစာနာ သနားမိတယ်။ ရင်သွေးငယ်သုံးဦးရှိတဲ့ ဗိုလ်ချုပ်အဖို့ မိသားစုဆီပြန်ပြီး မွေးနေ့ပွဲကျင်းပလို တဲ့ စိတ်ဆန္ဒမျိုးရှိကောင်းရှိပါလိမ့်မယ်။ ရှိခဲ့ရင် နိုင်ငံတာဝန်က ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူစိတ်နဲ့ ဖြတ်သန်းခဲ့ပါလိမ့်မယ်။

ထိုထက် စိတ်မကောင်းစရာကောင်းတာကတော့ ဗိုလ်ချုပ်ဘ၀မှာ ၁၉၄၇ ခုနှစ်ဟာ သူရဲ့နောက်ဆုံး မွေးနေ့ကိုကျော် ဖြတ်ရမယ် နေ့ရက်ဖြစ်ခဲ့တယ်ဆိုတာ ဗိုလ်ချုပ်သိမသွားခဲ့။ တိုင်းရင်းသားတွေ၊ နိုင်ငံသားတွေကို အလွန်တိုးတက်အောင်မြင် စေချင်တဲ့ ဗိုလ်ချုပ်ခမျာ လွတ်လပ်ရေးရဲ့အသီးအပွင့်၊ အရသာကိုတောင် မမြင်သွားခဲ့။

ဒီရက်တွေ မတိုင်မီက တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အမည်နဲ့ တံတားအမည်ပေးတဲ့ကိစ္စ၊ ပန်းခြံအတွင်းကြေးရုပထု ထားတဲ့ကိစ္စ၊ ရှိပြီးသားရုပ်ထုကိုဆေး မှုတ်ဖျက်ဆီးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲတာ တွေ့ရပါတယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ တစ်ဖက်နဲ့တစ်ဖက် ဝေဖန်နေရမယ့်အစား တိုင်းရင်းသားတွေရဲ့ ရင်တွင်း ခံစားချက်များကို စာနာသနားပြီး ညှိညှိနှိုင်းနှိုင်း လုပ်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့တော့ တွေးမိပါတယ်။

သေချာတာတစ်ခုကတော့ လွန်ခဲ့တဲ့ ၇၂ နှစ်က သေနတ်ကျည်ဆံ ၁၃ ချက်နဲ့ ထိမှန်တဲ့အထိ လုပ်ကြံခံရတဲ့ ဗိုလ်ချုပ်အဖို့ အခုဖြစ်ရပ်တွေက အဆပေါင်းများစွာ လွန်ကဲစွာထပ်မံပြီး အကြိမ်ကြိမ်အဖန်ဖန် လုပ်ကြံခံနေရတယ်လို့ ခံစားရပါတယ်။

သတင်းထဲမှာ၊ သမိုင်းစာမျက်နှာတွေမှာ၊ မှတ်တမ်းတွေမှာ ဗိုလ်ချုပ်က “ငါ့ရုပ်တုတွေ အများကြီး လုပ်ကြပါ၊ ငါ့ နာမည်တွေ နေရာအနှံ့ ပေးကြပါလို့”တော့ မှာကြားခဲ့တယ်ဟု မမှတ်သားဖူး မကြားဖူးပါဘူး။

မှားယွင်းတဲ့ အတွေးအခေါ် တွေနဲ့ မိမိမျက်နှာ ကောင်းရဖို့ ကြိုးစားသူ အချို့ကြောင့်သာ ဗိုလ်ချုပ်အနေနဲ့ အကြိမ်ကြိမ် လုပ်ကြံခံနေရသလို ဖြစ်နေဟန် တူပါ တယ်။

          ။။။   ။။။   ။။။

ထိုစဉ် ကျွန်တော့် အိမ်ရှေ့တံခါးမှ “ဟဲလို…ဟဲလို…ဟဲလို…”နဲ့ ထုရိုက်သံကြားတော့ ပြည်ထောင်စု အခမ်းအနား သွားတက်ဖို့ သူငယ်ချင်း ကိုလွမ်းတို့၊ ကိုဆန်းဝင်းတို့၊ ကိုမင်းဇင်တို့လားဆိုပြီး ထွက်ကြည့်မိတော့ သူတို့မဟုတ် အသက်ကြီးကြီး၊ ဆံပင်ပါးပါး၊ အသားဖြူဖြူ၊ အရပ်ခပ်မြင့်မြင့်နဲ့ တရုတ်မျက်နှာပေါက်နဲ့ အဖိုးကြီးတစ်ဦး။ ကျွန်တော့်ကို မြင်မြင်ချင်း “နီးဟောင်မား” ဆိုပြီး စနှုတ်ဆက်လာတော့ နယ်စပ်မှာနေတဲ့သူပီပီ “ဆ၀ါဒီခပ်”လို့ ပြန်နှုတ်ဆက်လိုက် မိပါတယ်။ သူကလည်း အလွန်ပီသတဲ့  ဗမာစကားနဲ့ “မင်္ဂလာပါ အိမ်ထဲဝင် ပါရစေ”လို့ ပြောရော။ ကျွန်တော်လည်း အံသြမှင်သက်ရင်း နေရာထိုင်ခင်းပေးပါတယ်။ ထိုသူကို ကျွန်တော် ရင်းရင်းနှီးနှီး မြင်ဖူးသလို ထပ်ကြည့်တော့

“ငါ့တူ၊ အန်ကယ်ကို မမှတ်မိဘူးလားကွ၊ မင်းနဲ့အပြင်မှာ ဆုံသေးတယ်လေ၊ ၂၀၁၄ တုန်းကလေ။”ဆိုလို့ပြောတော့မှ အဲဒီအချိန်က ကျွန်တော်စလုံးကိုရောက်တုန်း ၄၉နှစ်မြောက် စင်ကာပူအမျိုးသားနေ့မှာ အင်္ကျီအနီဝတ်ပြီး ပြည်သူတွေကို နှုတ်ဆက်နေတဲ့ ၀န်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယုကို သတိရမိပါတယ်။ စင်ကာပူ နိုင်ငံကို နှစ် ၃၀ ကျော်အုပ်ချုပ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်ရဲ့ဖခင်အဖြစ်သာမက သူတည်ထောင်ခဲ့တဲ့ (PAP) ပါတီကလည်း ယနေ့အထိ လူထုထောက်ခံမှု အပြည့်ရှိနေပြီး တံငါရွာလေးကနေ ကမ္ဘာ့ ထိပ်သီးနိုင်ငံဖြစ်အောင် စွမ်းဆောင်ခဲ့သူ၊ ယခု ကျွန်တော်ဆီရောက်နေတော့ အံ့သြ၊ ၀မ်းသာ၊ ပီတိအပြည့်နဲ့ ပြန်လည်နှုတ်ဆက်စကား ပြောခဲ့ပါတယ်။

“၀မ်းသာလိုက်တာခင်ဗျား၊ အန်ကယ်လည်း ကျွန်တော်နဲ့ အပြင်မှာဆုံပြီး ၂၀၁၅ခုနှစ်မှာ ဆုံးသွားတယ်သိရတော့ အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ အန်ကယ်က ရှေ့နေတစ်ယောက်လည်း ဖြစ်တာမို့ ကျွန်တော်အရမ်းလေးစားတဲ့ နိုင်ငံရေးသမားကို အခုလိုဆုံရတာ အလွန်ကျေနပ်မိပါတယ်ခင်ဗျား”လို့ ပြောမိပါတယ်။

“အန်ကယ်မရှိတော့တဲ့နောက်ပိုင်း စင်ကာပူမှာ အန်ကယ့်အထိမ်းအမှတ် ရုပ်ထုတွေ၊ ပြတိုက်တွေနဲ့ စည်ကားနေမှာ မြင်ယောင်တော့ စင်ကာပူကိုတောင် နောက်ထပ်တစ်ခေါက် လာလည်ချင်သေးတယ် ခင်ဗျား”ဟု ပြောတော့ သူက ဟက်ဟက်ပက်ပက် ရယ်မောသည်။

“ဒီလိုကွ စလုံးမှာ ငါ့ရုပ်တုတစ်ခုမှ မရှိဘူး၊ ငါ့ကိုပုဂ္ဂိုလ်ရေးကိုးကွယ်မှု ဖြစ်စေ တဲ့ရုပ်တုတွေမလုပ်ဖို့လည်း တစ်နိုင်လုံးကို မှာထားပြီးသားကွ”

ကျွန်တော်က ဒါဆို စလုံးကိုလာရင် ဓာတ်ပုံရိုက်ဖို့၊ ဂါရ၀ပြုဖို့၊ နေအိမ်တို့ဘာ တို့မရှိဘူးလား ခင်ဗျား”လို့ ထပ်မေးတော့ “အိမ်တော့ ရှိတယ်ကွ၊ မင်းရောက်ဖူး မလားတော့ မသိဘူး Orchard Roadအနီးမှာ ရှိတယ်ကွာ၊ နှစ်ထပ်အိမ်ဟောင်း ကြီးလေ၊ အခုတာ့ ဘယ်သူမှမနေပါဘူး၊ ဒါပေမဲ့ မိသားစုဝင်တွေကလွဲပြီး အပြင်လူ တွေကိုပေး မ၀င်ဘူးကွ၊ ငါက ငါကွယ်လွန် ပြီးနောက်ပိုင်း အိမ်ကိုဘယ်သူမှ ပေးမ၀င်ဖို့၊ ဖြိုဖျက်ပစ်လိုက်ဖို့ မှာထားပြီးသားကွ၊ အခုချိန် မင်းသွားခဲ့ရင်လည်း လူတစ်ရပ် စာမြင့်တဲ့ ခြံစည်းရိုးတွေနဲ့ အပြည့်ကာ ထားတာမို့ ကြည့်ခွင့်၊ လေ့လာခွင့်ရမှာ မဟုတ်ဘူး၊ ငါဒီလိုပဲမှာခဲ့တာမို့ သွားလည်း အကြောင်းထူးမှာ မဟုတ်ဘူးကွာ”လို့ ပြောတော့ ကျွန်တော်လည်း အရမ်းထူးဆန်းတဲ့စကားကို ကြားလိုက်ရတော့ အံ့သြတဲ့ မျက်လုံးအစုံနဲ့ ကြည့်မိပါတယ်။

ကျွန်တော်ကလည်း “ဒါဆို အန်ကယ်ရဲ့ ရုပ်တုကို ဂါရ၀ပြုချင်ရင် ဘယ်သွားရမှာလည်း ခင်ဗျား”လို့ ထပ်မေး မိတော့၊ မစ္စတာလီလည်း အလွန်အေးချမ်းတဲ့ အသံနဲ့

“တချို့နိုင်ငံတွေက မဒမ်တူးဆော့ လို့ ခေါ်တဲ့ ဖယောင်းပြတိုက်တွေမှာ ရှိပါလိမ့်မယ်၊ ဒါကလည်း ဂါရ၀ပြုဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်ကွ၊ အမှတ်တရထားတာမျိုးတော့ ဖြစ်ပါလိမ့်မယ်။”

ကျွန်တော်လည်း အထွဋ်တက်ပြီး “ဒါဆို ငွေစက္ကူတွေ၊ ဘာတွေမှာတော အန်ကယ့်ပုံကျန်နေမှာပေါ့နော်”ဆိုတော့

“နိုးနိုး၊ ငါ့ပုံနဲ့ မဟုတ်ပါဘူးကွာ၊ တိုင်းပြည်မှာ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ပုဂ်္ဂိုလ်တစ်ယောက်ရဲ့ ပုံပဲ ရှိတယ်”တဲ့။

ကျွန်တော်လည်း ကိုယ်လေးစားရတဲ့လူရဲ့ အထိမ်းအမှတ်တစ်ခုခုတော့ သိနေအောင်တည့်ပဲ မေးလိုက်တော့မယ်လို့ စိတ်ကူးပြီး

“အန်ကယ်ခင်ဗျား၊ အန်ကယ့်ကို ဂါဝရပြုဖို့ အမှတ်ရနေဖို့ အထိမ်းအမှတ် နေရာလေးတစ်ခုခုတော့သိအောင် ပြောပေးခဲ့ပါ။”လို့ ဆိုတော့..

အန်ကယ်မစ္စတာလီက အလွန်ကျေ နပ်တဲ့အပြုံးလေးနဲ့ “စင်္ကာပူနိုင်ငံမှာ မြင်မြင်သမျှ အရာအားလုံးနဲ့ နိုင်ငံသား တွေရဲ့ အတုယူဖွယ်၊ ကောင်းမြတ်တဲ့ လုပ်ရပ်အားလုံးတွေဟာ ငါ့ရဲ့ အထိန်း အမှတ်ပစ္စည်းတွေချည်းပါပဲကွာ”တဲ့။

ကျွန်တော်လည်း လိုချင်တဲ့ အဖြေကို တိတိကျကျရပြီမို့ အလွန်ကျေနပ်မိတာ မို့ ကျေးဇူးတင်စကား ပြောဖို့ကြည့်လိုက်ချိန်မှာ အန်ကယ်မစ္စတာလီက ကျွန်တော်ရှိနေတဲ့ နေရာကထွက်ခွာသွားတာ အတန်ငယ် အဝေးရောက်နေပါပြီ။

   ။။     ။။        ။။

ကျွန်တော်လည်း လိုက်ခေါ်မယ်လုပ် တုန်း ဖုန်းသံ “တူ…တူ…တူ…””ကလည်း အဆက်မပြတ်ကြားနေရတော့၊ ဟဲလိုလို့ ပြန်ထူးမိတာနဲ့ “သူငယ်ချင်း ၃ယောက် အသံနဲ့ ဆရာရေ၊ အိပ်ပျော်နေတာလား၊ မြန်မြန်ထ၊ ကျောက်တိုင်ကွင်း အခမ်းအနားမမီဘဲ ဖြစ်နေမယ်၊ ချီတက်ကြစို့”  လို့ပြောမှာ မနက်စောစော အိပ်မက်မက် နေတယ်ဆိုတာ ဆင်ခြင်မိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် ရည် မှန်းချက်ထားပြီးပြောသလို နှစ်(၂၀) အတွင်း စင်ကာပူကိုမီဖို့ရာ ရန်ဖြစ်နေတာတွေနဲ့ အချိန်မကုန်စေဘဲ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေသာမက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်အယူအဆ၊ အတွေးအခေါ် တွေကို ပြုပြင်ပြောင်းလဲပြီးမှ ဗိုလ်ချုပ်ဖြစ် စေချင်တဲ့ လမ်းစဉ်တွေကိုလိုက်နာကျင့် သုံးမှသာလျှင် လိုရာဆန္ဒများပြည့်စုံပါလိမ့်မည်လို့ ယူဆပါကြောင်း။          ။

အောင်ဇာနည်စိုး