တစ်ကျော့ပြန်နွေအဖြူ

0
600

နောက်ကိုယ့်ဖာသာ လုပ်တတ်အောင်ကြည့်ထား

လို့ အဖိုးကဆိုပြီး ပုဆိုးအဟောင်းတစ်ထည်ကို ဗြက်တစ် လက်မခွဲ၊ အရှည်နှစ်တောင်လောက် အစနှစ်စရအောင် တဗြိဗြိနဲ့ ဆွဲဆုတ်၊ ထိပ်စနှစ်ခုကို ကွင်းထိုးစုချည်၊ ဆန့်ထားတဲ့ခြေထောက်ရဲ့ ခြေမနဲ့ခြေညှိုးကြားမှာ ကြိုးထုံးစကို ညှပ်လိုက်တယ်။ ပြီးတော့ ပုဆိုးကို ပေါင်ရင်းရောက်အောင်လှန်ထားတဲ့ အရေပြားပျော့တွဲတွဲ ပေါင်သားပေါ် ကျန်တစ်ဖက်က ပုဆိုးစုတ်အစကိုတင်၊ တင်းနေ အောင်ဆွဲ၊ လက်ဖ၀ါးနဲ့ဖိလိုက်လှိမ့်လိုက်လုပ်ပြီး ကျွန်တော်တောင်းဆိုထားတဲ့ ဂျင်ကြိုးရအောင် ကျစ်ပြတော့တာပဲ။

အဲဒီအချိန် ငယ်သေးတဲ့ ကျွန်တော်က အစ်ကိုတွေ ဆော့သလိုပဲ နှုတ်သီးသံ၊ အိမ်ရိုက်သံကို ချွန်နေအောင်သွေးပြီး သပ်ရိုက်ထားတဲ့ ပေါက်ဂျင်ကို မဆော့ရသေးဘူး။ သစ်သားခြေထောက်အတိုနဲ့ ဂျင်ပေါက်စနလေးကို လည်နေမွှတ်နေအောင် အပေါက်ကျင့်ရတယ်။ အဲဒီ သင်ခန်းစာကျေတော့မှပဲ မြေကြီးပေါ်မှာ စည်းဝိုင်းဆွဲ၊ ကံဆိုးရှာသူ ဂျင်ကလေးခမျာ စည်းအပြင်မလွတ်ခင်၊ တစ်စစီ တစ်ခြမ်းချင်းပဲ့ထွက်၊ ဟက်တက်ကွဲသွား အောင်ပေါက်ကြ၊ ဆော်ကြတဲ့ ၀ိုင်းဆီဝင်ခွင့်ရမှာကိုး။

ကျွန်တော်တို့ ငယ်ငယ်နွေရာသီ ကျောင်းပိတ်ရက်တွေမှာ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊  လမ်းစဉ်လူငယ်ဆိုတဲ့ “မဆလပါတီ”က ဖွင့်တဲ့ လူငယ်သင်တန်းတွေ၊ ဘင်ခရာသင်တန်း၊ ပန်းချီသင်တန်း လို ကျောင်းကစီစဉ်ပြီး ဖွင့်ပေးတဲ့သင်တန်းတွေ ရှိပေမယ့် သမီးမိန်းခလေးဆို သေစာရှင်စာတတ်ပြီးရော ခေတ်မှာ လူဖြစ်ခဲ့ကြတဲ့ အမေတို့ကလည်း နားမလည်၊ ပြောပြလို့ သွားတက်ခိုင်းနေရင် ဆော့ချိန်ကစားချိန် နည်းသွားမှာ ကြောက်တဲ့ ကျွန်တော်တို့ကလည်း အိမ်ကိုဒီလိုကိစ္စလုံးဝ ပေးမသိနဲ့ ကစားခုန်စားမက်၊ ကျောင်းပိတ်ရက်ဆို ခြံနားမကပ်၊ အိမ်နားမသီတဲ့ ဂျလေဘီ ချာတိတ်ဘ၀ကို ကျွန်တော်တို့ရခဲ့ပေါ့။

မိုးလင်းလို့ မျက်နှာသစ်၊ ထမင်းကြမ်း ဆွဲပြီးတာနဲ့ အိမ်နားက ရွယ်တူတန်းတူတွေ စု၊ ရွာလယ်ဇရပ်အောက် ရောက်သွားမယ်။

ကြွေပန်းကန်ကွဲပစ် (စန်ကွဲကတ်ပစ်)မယ်။ ဒူးယား၊ ခပေါင်းစီးကရက်ဘူး ခွံစက္ကူ တွေကို ပိုက်ဆံလိုခေါက်၊ တန်းစီထောင် ပြီးပစ်(ခဲပြားပစ်)မယ်။ ကျောက်ဒိုးတွေနဲ့ ကျင်းစိမ်(ဂေါ်လီခတ်)မယ်။ အိုးခြမ်းကွဲတွေနဲ့ (ခတ်မခတ်)တမ်းဆော့မယ်။ စာသင်ကျောင်း နံဘေးက ချိုင့်ကြီးကို အမှိုက်တွေထည့်၊ မြေဖို့ထားတဲ့ ကွက်လပ် ကြီးရောက်သွားမယ်။ ကျောင်းကသစ်သားနံရံအပေါက်ကြားတုတ်ချောင်းထိုး ထည့်ပြီး သရေကွင်း(တိုင်ကပ်)ပစ်မယ်။

ရတဲ့မုန့်ဖိုး ဆယ်ပြား၊ တစ်မတ်ကို မုန့်ဝယ်မစားပဲ စွန့်စားခန်းဖွင့်၊ ပိုက်ဆံထောင်ပစ်(ကတ်ခတ်)မယ်။ လွတ်လပ်ရေး ကျောက်တိုင်နံဘေး ကုက္ကိုပင်ရိပ်ကောင်းကောင်း၊ သဲဆန်တဲ့မြေနဲ့ကမ်းနားကွင်းဆီ ရောက်သွားမယ်။ ဘောလုံးကန်မယ်။ သဲအိမ်ဆောက်မယ်။

“သရေကွင်းတိုက်”လို့ ကလေးတွေ ခေါ်ကြတဲ့ ဒေါ်မြမေတိုက်ကြီး နားရောက်သွားမယ်။ သင်္ဘောဆိပ်၊ ဒေါင်းငူ၊ တံငါ၊ ဇရစ်စတဲ့ အနီးအနား ရပ်ကွက်တွေက လက်ဖြောင့်တပ်သားတွေကြား၊ “မင်းလား ငါလားဗိုလ်မထား” စိတ်နဲ့သရေကွင်းပြိုင် ပစ်ကြမယ်။ ရှုံးတဲ့သူကလည်း ရှုံးမဲမဲ၊ တိုက်အိမ်သံဘာဂျာ တံခါးပေါက်ထဲ လက်လျှိုပြီး ပါသမျှမုန့်ဖိုးပြောင်အောင် ခဏခဏ ပြေးပြေးဝယ်။ နိုင်တဲ့သူကတော့ သရေပင် အပုံလိုက်ကြီးကို ကွင်းလျှိုဆက်ပြီး ခါးတွေ ကိုယ်တွေ ဖုံးအောင်ပတ်လို့။

ကမ်းနားက လတာပြင်မှာ အကောင်က ငယ်ငယ်၊ လက်မက ထွားထွား၊ မြေကော်စက်ကြီးတွေလို ကားယားကားယားနဲ့ ဟန်ရေးပြနေတဲ့ ရွှံ့ကဏန်းနီတာရဲ လေးတွေ၊ အမြီးတယမ်းယမ်း၊ လက်တယက်ယက်နဲ့ ရေမျောကမ်းတင် ဓနိပေါင်တုံး ပေါ်တက်လိုက်၊ ရွှံ့ထဲဆင်းလိုက်နဲ့ ခုန်ဆွခုန်ဆွလုပ်ပြနေတဲ့ ဗျစ်ပွေး(ငါးဖျံ)လေးတွေဟာ စာကလေးတို့ ဆက်ရက်တို့ မြင်ရင် လက်တပြင်ပြင်၊ အိပ်နေတဲ့ ခွေးတောင်ခဲနဲ့ ကောက်ထုရန်စပြီး ပြေးချင်ကြတဲ့ ကလေးတွေလက်မယားယားအောင် ဆွဲဆောင်သလိုဖြစ်နေတော့ မြစ်ညာက မျှောချလာပြီး ရောင်းမယ့်ဆိပ် အရောက်ဆွဲတင် ထပ်ထားတဲ့ ၀ါးဖောင်တွေဆီဆင်း၊ လက်ညှိုးတစ်ဖက် လက်သန်းတစ်ဖက်ကြား သရေပင်ကို တင်းနေအောင်ဆွဲ၊ မျက်လုံးတစ်ဖက်မှိတ် ပစ်ကွင်းကိုတည့် အောင်ချိန်ပြီး နားမလည်ပါးမလည်နဲ့ ငရဲရထား လက်မှတ်ဖြတ်မိတော့တာပဲ။

အတန်းတစ်တန်း၊ အသက်တစ်နှစ် ပိုကြီးလာလေ၊ ကျွန်တော်တို့ရဲ့ ကျောင်းပိတ် ရက်မှာ ဆော့စရာ နယ်ပယ်သစ်တွေ တဖြည်းဖြည်းကျယ်လာလေ။ အဖော်ကောင်းရင် “သာတော်ပြင်”လို့ခေါ်တဲ့ အနောက် ရွှေဘုံသာ(မောလဲ)ဘုရား နားကလယ်ကွင်း တွေဘက်၊ လမ်းမသစ်စောမိညိုဘုရား ဘက်တွေသွား၊ ရွှံ့တွေတူးပြီး တစ်ယောက်နဲ့ တစ်ယောက် ပစ်ပေါက်ဆော့ကြတဲ့ (ဗယ်စစ် တိုက်တမ်း) ကစားတာတွေ၊ ခေါင်းဖြူသီးလို့ခေါ်တဲ့ မြက်သီးစစ်တိုက်တမ်း ကစားတာတွေ၊ ကောက်ရိုးပုံမှာ ကျွမ်းတွေ လှိမ့်ထိုးကြ၊ လောက်စာလုံးလုံးပြီး လေးခွ နဲ့ငှက်ပစ်ကြ၊ ကိုယ်တိုင်လုပ် ရွှံ့နွားရုပ် ကလေးတွေ အလှပြိုင်ကြနဲ့။ ချောင်းကြို မြောင်းကြား ငါးဖမ်းကြ၊ ဘော်ဦးတံတား၊ မျှော်အင်းတံတား၊ နော်စူကန်၊ သံပုရာကန်၊ ဘဦးကန်မရောက်ဖူးတာ မကျန်အောင် လျှောက်သွားကြတယ်။

ဖန်ချောင်းအကွဲ၊ မီးလုံးအဟောင်းတွေ သံဆုံမှာထည့်၊ ညက်နေအောင် ထောင်း၊ ဒန်အိုးနဲ့ ကျွဲကော်ကျို၊၊ ထမင်း ရည်ထည့်ပြီး သမအောင် ရောမွှေထားတဲ့ ခွက်ထဲအပ်ချည်ကို အ၀တ်စနဲ့ ဖိနှစ် ပွတ်ဆွဲပြီး ဗိုင်းငင်တဲ့ ရစ်လုံးပုံဘီးကြီးနဲ့ ရစ်၊ နေရောင်ပြအခြောက်ခံလိုက်ရင် စွန်ဖြတ်ဖို့ မှန်စာတင်ထားတဲ့ကြိုး ရပြီ။ အခု ထားဝယ်ကမ်းနားဈေးနေရာဟာ ကျွန်တော် တို့ငယ်တုန်းက လွတ်လွတ်လပ်လပ် စွန်လွှတ်စွန်ဖြတ် ကစားချင်သူတွေအကြိုက် နေရာတစ်ခုပဲ။ လမ်းမကြီးတွေ မှာလည်း အခုလိုကားတွေ၊ ဆိုင်ကယ်တွေ ရှုပ်ယှက်ခတ်နေတာမျိုး မဟုတ်သေးတော့ မော့ကြည့်လိုက်ရင် ဟိုကဒီက လွှတ်တင် လိုက်တဲ့စက်္ကူစွန်ရောင်စုံနဲ့နွေ ကောင်းကင်ဟာ စိတ်ကူးထဲအခုထိ လှနေဆဲရယ်။

တချို့ညနေခင်းတွေမှာ ရွာရိုးကိုး ပေါက် ခွေလှိမ့်ကစားရင်း၊ လိုက်တမ်းပြေးတမ်း (တို့လိုက်ပြေး) ဆော့ရင်း ကမ်းနားဘက်က ပွဲရုံတွေ၊ ဦးတော်လိုက် ပွဲရုံ၊ ဦးရွှေသွား ပွဲရုံ၊ ဗိုလ်ချုပ်လမ်းက ပွဲရုံတွေ ရှေ့မှာ တစ်နေ့လုံး နေလှန်းပြီး ပြန်သိမ်းတဲ့အခါ ကျကျန်ခဲ့တဲ့ ကွမ်းသီးခြမ်းခြောက် တွေ၊ အုန်းသား ဆံခြောက်တွေကို ဖုန်ထဲ သဲထဲက ရသမျှရှာကောက်သိမ်းထား၊ ငါးဆယ်သား၊ တစ်ပိဿာပြည့်ရင် ပြန်သွားသွင်းပြီး၊ ရုပ်ရှင်လက်မှတ်ဖိုး၊ အပို မုန့်ဖိုးရှာခဲ့ကြဖူးတာလည်း ပြန်လွမ်းမိ သလို၊ အိမ်နားက ရွယ်တူ မိန်းကလေး သူငယ်ချင်းတွေ ဆော့ကြပြုကြတာတွေကို ကလေးသဘာဝ စောင်းငန်းစောင်းငန်း စပ်စပ်စုစုသွားရင်းလာရင်း မှတ်မိနေတာ တွေထဲက ဖန်ခုန်တမ်း၊ ကြိုးခုန်တမ်း၊ ထမင်းချက်ဟင်းချက်၊ မြေကြီးမှာ တုတ် ချောင်းလေးနဲ့တစ်ထပ်နှစ်ထပ်သုံးလေးထပ်၊ အိမ်ပုံလေးခြစ်၊ ခြေတစ်ပေါင်ကျိုး ခုန်ခုန်နင်းပြီး ဆော့ကြတဲ့ “ဗိုလ်ကြီးအိမ်”၊ လက်တစ်ဝါးဆုပ်စာအရွယ်ညီကျောက်စရစ်ငါးခဲနဲ့ ဆော့တဲ့ “ဂေါ့မကောက်”တမ်း တွေ။ အိမ်ရှင်မ၊ ဆရာဝန်မ၊ ကျောင်းဆရာမလုပ်တမ်းဆော့ပြီး အမိန့်တွေပေးရင် နာခံစေချင်တဲ့စိတ်နဲ့ သူတို့ကလေး ဘ၀နေ့တွေကို အခုနေပြန်တွေးပြီးပြုံးလည်း ပြုံးမိပါသေးရဲ့။

လသာသာနွေညတွေမှာ စောစောအိပ်ချင်ပေမယ့် မှေးစက်လို့မရတဲ့ အပူဒဏ်ကိုအံတု၊ အပျိုမတွေ၊ အပျိုပေါက် တွေစုပြီး ဆော့ကြတဲ့ ထုပ်ဆီးတိုးတမ်းကလည်း ဘေးကထိုင်ကြည့်ရတာကို ပျော်စရာတစ်မျိုး။ “ပင်လယ်ရေ ဘယ်မခန်း၊ မထွေးအမိဖမ်း”ကြ၊ “ညောင်ပင် တစ္ဆေဝေလေလေကြ”၊ လေသံမပြတ် အောင် “ဒီ” အော်ပြီး ဆော့ရတဲ့ကစားနည်းမျိုးအပြင်၊ အုပ်စုတောင့်ရင်နှစ်ဖက်ခွဲ၊ လွန်ဆွဲပွဲပါ နွှဲလိုက်ကြသေးတယ်။ ဘယ် ကစားနည်းထဲမှ ၀င်ပါလို့မရ၊ ရပြန်တော့လည်း ပါလေရုံ၊ အိမ်ဖြည့်(ဂံဇား) လောက်သာပါရမယ့် ကျွန်တော်တို့က လည်း သူတို့ ကစားပွဲထဲဝင်နွှဲမယ့်အစား၊ သက်တမ်းကုန်လို့ အပင်ပေါ်က ပြုတ်ကျလာတဲ့ ကွမ်းပင်က အလက်(ဘုတ်ဖတ်)ကို တစ်ယောက်ထိုင်တစ်ယောက်ဆွဲနဲ့ ဖင်စုတ်အောင်ကဲခဲ့၊

တစ်ယောက်ကျောပေါ်တစ်ယောက်တက်ကုန်းပိုးပြီး မြင်း တစ်ကောင်ကို ငေါက်ငန်းဟောက်ဟန်းသလို (ပိုးစီးတမ်း)လည်း ဆော့ဖူးခဲ့ကြတယ်။

ကျွန်တော်တို့နဲ့ ရွယ်တူသူငယ်ချင်း တွေထဲ တရုတ်ကျောင်း၊ မြောင်းပုလဲ ကျောင်းတက်တဲ့သူ အတော်များများဟာ ပင်ပေါင်လို့ခေါ်တဲ့ စားပွဲတင်တင်းနစ် ကစားတာ၊ ကြက်တောင်ရိုက်တာလို အားကစားနည်းတွေ ကျွမ်းကျင်ကြတယ်။ ပင်ပေါင်ဘောလုံး မချော်အောင်ထိန်းပေးတဲ့ အဖုအပိမ့်တွေနဲ့ ရော်ဘာပြားကပ် ဘက်တံတွေကိုင်၊ ခလယ်မှာ ပိုက်တန်း အနိမ့်တပ်၊ ဘေးစည်း နောက်စည်းဆွဲ ထားတဲ့ သစ်သားစားပွဲခုံအရှည်ကြီးပေါ်က ပင်ပေါင်ဘောလုံး ပိစိလေးကို ကိုယ့်နယ်ကိုယ့်စည်းကနေ ဘေးမထွက် အောင် ထိန်းပြီး၊ တဖတ်ဖတ်နဲ့ အပြန်အလှန် ရိုက်နေကြတာတွေများ မကစားတတ်တဲ့ ကျွန်တော်တို့ခမျာ ပါးစပ်အဟောင်းသားနဲ့ ငေးယူရတယ်။

လူငယ်ဂေဟာလို့ တင်စားရင်ရလောက်အောင် တစ်ချိန်လုံး လူငယ်တွေ တရုန်းရုန်းနဲ့ စည်ကားနေတတ်တဲ့ ရွာ လယ်ဇရပ်ကို သွားရင်းလာရင်း ကျားထိုးနည်း၊ စစ်တုရင်ရွှေ့နည်း၊ ပဆစ်ပစ်၊ ဇယ်တောက်၊ အံစာခေါက်နည်းအပြင် ဘူကြီး၊ တစ်ချပ်မှောက်၊ နှစ်ဆယ့်တစ်ပေါက်၊ ဆယ့်သုံးချပ်ခေါ်တဲ့ ပိုကာဒေါင်း တာတွေလို အဠာရသတစ်ဆယ့်ရှစ်ရပ် အပြင်က အပိုဆာဒါးဘာသာရပ်တွေကိုလည်း နွေရာသီအထူးသင်တန်းအဖြစ် တက်ခွင့်ရခဲ့သေးတာ၊ ခုနေခါလို ခေါင်းကြီးတွေ ငိုက်စိုက်ချ၊ ဖုန်းစကရင်နဲ့မျက်လုံး မခွာ၊ တပွတ်တည်းပွတ်ဖို့ပဲ စိတ်ဝင်စား ကြတဲ့”HDS” (head down syndrome)ခေါ်  “ငုံ့ပွတ်ရောဂါ” မပေါ်သေးခင်၊ ကျွန်တော်တို့ ငယ်ငယ်က နွေကျောင်း ပိတ်ရက်တွေထဲမှာပေါ့။         ။

အေဒီသစ်

ကြော်ငြာဝန်ဆောင်မှု