ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် အလွန်

0
771
editorial

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်တာ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး။ပြည်နယ် အစိုးရတို့အကြား ဆက်ဆံရေးပုံစံကို စောကြောမိသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များဟု အစိုးရအလွှာနှစ်ရပ်ခွဲခြားထားသည်။ သဘောတရားအားဖြင့်လည်း လုပ်ပိုင်ခွင့်အာဏာများကို ခွဲခြားသတ်မှတ်ထားသည်။ သို့သော် အမှန်တကယ် လက်တွေ့တွင်မူသီးခြား ကဏ္ဍတစ်ခု၊ နှစ်ခုမှ အပ လုပ်ပိုင်ခွင့်များ ရောထွေးယှက်တင်လျက် ရှိသည်။

ထိုကြောင့် ရှုပ်ထွေးသော လုပ်ကိုင်ခွင့် စီမံခန့်ခွဲမှု ပုံစံတို့အကြား ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့အကြား မည်သို့ဆက်ဆံရေး လမ်းကြောင်း တည်ဆောက်ထားသည်၊ မည်သို့သော စီမံခန့်ခွဲမှု အလုပ်များပိုင်းခြား ထားသည်မှာများစွာ အရေးကြီးလှသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသည်လည်း ကိုယ်တာဝန်ယူရမည့် ကိစ္စ၊ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ယူသည့် ကိစ္စများကို ရှင်းလင်းစွာ သိထားရန် လိုသည်။ ထိုမှသာ မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း စီမံခန့်ခွဲရသည့် အရေးအရာများကို ထိရောက်စွာကိုင်တွယ်နိုင်မည်ဖြစ်သည်။

မဲဆန်္ဒရှင်ပြည်သူများနှင့် အနီးကပ်ဆက်ဆံရသော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့် ဥပဒေအရတရားဝင် လုပ်ပိုင်ခွင့် အာဏာများစွာ မရှိလှသော်လည်း လူထုဖိအား ပိုကြီးတတ်သည်။ ထိုကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ရှင်းလင်းသော ဆက်ဆံရေး လမ်းကြောင်း၊ ရှင်းလင်းသော စီမံခန့်ခွဲရေး လမ်းကြောင်း ရှိခြင်းမှာ များစွာအရေးပါလှသည်။

ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့တို့အကြား ဆရာ-တပည့် ဆက်ဆံရေးပုံစံသည် (လက်ရှိတွင်ပင် စနစ်တကျရှိမနေသော) စနစ်ကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးအဖွဲ့များအတွက် အထောက်အကူ မဖြစ်ပါ။

ထိုသို့သော အခြေအနေများတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကိုယ်ပိုင်အရည်အချင်း၊ လေ့လာနိုင်စွမ်း၊ တီထွင်ကြံဆနိုင်မှုနှင့် စနစ်ကို မည်သို့ မောင်းနှင်မည်ကို နားလည်သဘောပေါက်မှုတို့မှာ များစွာ အခရာကျလှပါကြောင်း။

အယ်ဒီတာ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉

ဆက်လက်နားထောင်ရန် >>>> ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် အလွန်