တနင်္သာရီတိုင်းတွင် ခရီးသွားဇုန်ကြေး စမ်းသပ်ကောက်ခံ

0
1790

တနင်္သာရီတိုင်းပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင်နှုန်းကို ဇန်န၀ါရီလ ၂၀ ရက်မှ စတင်ကာ စမ်းသပ်ကောက်ခံခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ရုံးမှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ယင်းသို့ဇုန် ၀င်ကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများကို ခရီးသွားလုပ်ငန်းအား အထောက်အကူ ဖြစ်စေမည့် ဆိပ်ခံတံတားကဲ့သို့သောအခြေခံ အဆောက်အအုံများ ဆောက်လုပ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်/ ခရီးရုံးမှ အထက်ပါ တာဝန်ရှိသူက ဆိုသည်။

“ဇုန်ဝင်ကြေးကောက်လို့ ဧည့်သည် မကျသွား(၀င်ရောက်မှုမနည်း) ဘူးဆိုရင် အတည်သတ်မှတ်သွားဖို့ ရှိတယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ခရီးသွားဇုန်ကြေးကို ထားဝယ်ခရိုင်တွင် စမ်းလှမ်းကျေးရွာ၊ မြိတ်တွင် မြို့မဘောတံတားနှင့် ကော့သောင်းရှိ မြို့မဘောတံတားတို့တွင် ကောက်ခံနေ ကြောင်း ၎င်းက ဆိုသည်။

ဇုန်ဝင်ကြေးစတင်ကောက်ခံသည့် ဇန်န၀ါရီလ ၂၀ ရက်မှ ၃၁ ရက်အထိ ထားဝယ်ခရိုင်တွင် နိုင်ငံခြားသားခရီးသွား ၇၃ ဦး၊ မြိတ်ခရိုင်တွင် ၂၂၀ ဦးနှင့် ကော့သောင်းခရိုင်တွင် ၁၃၆၀ ဦး စုစုပေါင်း နိုင်ငံခြားသားခရီးသည် ၁၆၅၃ ဦးထံမှ ငွေကျပ် ၈၂သိန်းကျော်(၈၂၆၅၀၀၀ ကျပ်) ကောက်ခံရရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။

ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများကို တိုင်းအစိုးရအဖွဲ့ထံ ပေးသွင်းရမည်ဖြစ်ပြီး အဆိုပါငွေကြေးများကို ခရီးသွား လုပ်ငန်းအား အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံဆောက်လုပ်ချိန် တွင် ထုတ်ယူသုံးစွဲရမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်ခရိုင်ပင်လယ်ပြင်ရှိ  လောင်းလုံးဘုတ်ကျွန်းသို့ ခရီးသွားလာရောက်မှု နည်းနေသေးသည့်အချိန်တွင် ဇုန်ဝင်ကြေး မကောက်သင့်သေးဟု ယူဆသော်လည်းရရှိသည့် ငွေကြေးဖြင့် အခြေခံအဆောက် အအုံများ ဆောက်လုပ်မည်ဆိုပါက နားလည်ပေးရမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်ခရီးသွားလုပ်ငန်း ရှင်များအသင်း ဥက်္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“ဇုန်ကြေးက ရတဲ့ငွေနဲ့ အခြေခံ အဆောက်အအုံတွေ ပြန်ဆောက်မယ်ဆိုတော့ ကောက်သင့်ပါတယ်”ဟု      ဒေါ်မိုးမိုးသူက ပြောသည်။

၂၀၁၈ ခုနှစ်တွင် တိုင်းအတွင်းသို့ နိုင်ငံခြားသားခရီးသွား သုံးသိန်းခွဲကျော် (၃၅၈၇၃၂ ဦး) ၀င်ရောက်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်/ခရီးရုံးထံမှ သိရသည်။

Dawei Watch