ရနောင်းရောက် ရွှေ့ပြောင်းလုပ်သားများ ပညာသင်ယူနိုင်ရေး နှစ်နိုင်ငံ သဘောတူညီချက် မရသေး

0
937

ထိုင်းနိုင်ငံ ရနောင်းမြို့ အပါအ၀င် နယ်စပ်ရောက် ရွှေ့ပြောင်းကလေးများ ပညာဆက်လက် သင်ယူနိုင်ရေးအတွက် မြန်မာ၊ ထိုင်း နှစ်နိုင်ငံ သဘောတူညီချက် မရသေးကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပ ရောက်ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာရေး အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာ၊ ထိုင်း နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၇ ရက်မှ ၈ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရနောင်းမြို့ အပါအ၀င် နယ်စပ်တွင်နေထိုင်သည့် မြန်မာရွှေ့ပြောင်းကလေးများ ဆန္ဒအရ ထိုင်းနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံတွင် ပညာဆက်လက်သင်ယူလိုပါက နှစ်နိုင်ငံ စလုံးက ခွင့်ပြုပေးရန် ဆွေးနွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် အထက်ပါရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

သို့သော် ယင်းကလေးများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ သဘေားတူညီချက်မရသေးဘဲ ယင်းဆွေးနွေးပွဲက ဆွေးနွေးချက်များကို ပြန်သုံးသပ်ကာ အကြောင်းပြန်မည်ဟုသာ ထိုင်းနိုင်ငံဘက်က ပြောဆိုခဲ့ကြောင်း ဒေါ်မိုးမိုးအေးက ပြောသည်။

“အခုလောလောဆယ်တော့ အဖြေမထွက်သေးဘူး။ ဒီရွှေ့ပြောင်းကလေးတွေ ကိစ္စ ဗဟိုကနေပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အထိ ကော်မတီဖွဲ့ပြီးတော့ ဆက်လုပ်ဖို့ အစီအစဉ် ရှိတယ်”ဟု ဒေါ်မိုးမိုးအေးက ဆိုသည်။

ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ မြန်မာရွှေ့ပြောင်း ကလေးငယ်များ ရာချီရှိပြီး ယင်းကလေး ငယ်များသည် မြန်မာဘုန်းကြီးကျောင်းများတွင် အခြေခံပညာ သင်ယူနေရပြီး စာမေးပွဲကို မြန်မာဘက်ခြမ်းတွင် လာရောက် ဖြေဆိုကြကြောင်း ကော့သောင်းဒေသခံ အချို့ထံမှ သိရသည်။

ယင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း အပါအ၀င် မွန်၊ ကရင် မန်္တလေး၊ ရန်ကုန်တို့မှ တိုင်းပညာရေးမှူးအချို့၊ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ကမ္ဘာ့ပညာရေးအဖွဲ့၊ မြန်မာရွှေ့ပြောင်း ပညာရေး ကွန်ရက်အဖွဲ့ စသည်တို့ တက်ရောက်ခဲ့ကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

ကျော်သူစိုး