ကျေးရွာဖွံ့ဖြိုးရေးငွေ သိန်းတစ်ရာလိုက လာလျှောက်ပါ

0
780

တနင်္သာရီတိုင်းအတွင်း ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကျပ်သိန်းတစ်ရာလိုချင်သည့် ကျေးရွာများ လာရောက်လျှောက်ထား နိုင်ကြောင်း တိုင်းကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းစီမံကိန်းကို စိတ်ပါဝင်စားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦကျော်ကျော်အောင်က ပြောသည်။

“လျှောက်ဖို့အတွက် ပိတ်ထားတာ မရှိပါဘူး။ တံခါးဖွင့်ထားပါတယ်။ ပိုကောင်းတာကဌာန(မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန)ကို လျှောက်ရင် လွှတ်တော်ကိုယ်စာလှယ်တွေကို မိတ္တူပို့ရင် ပိုကောင်းတယ်”ဟု ဦးကျော်ကျော်အောင်က ဆိုသည်။

တိုင်းအတွင်း ၂၀၁၉/၂၀၂၀ ဘဏ္ဍာ နှစ်တွင် ကျေးရွာများတွင် ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လာရောက်လျှောက်ထားရန် ပြောဆိုခြင်း ဖြစ်သည်။

ယင်းစီမံကိန်းအတွက် ကျေးရွာများကို ရွေးချယ်ပါက စိတ်ဝင်စားစွာလာရောက် လျှောက်ထားသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။

“လျှောက်လို့ရတယ်ဆိုရင် ကိုယ့်ရွာတိုးတက်ရာ တိုးတက်ကြောင်းအတွက် လျှောက်မယ်”ဟု လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

ယင်းစီမံကိန်းအတွက် ရွေးချယ်ခံရသည့် ကျေးရွာများသည် ကျပ် သိန်းတစ်ရာ ရရှိမည်ဖြစ်ပြီး ယင်းငွေဖြင့် ကျေးရွာအတွင်း လမ်းဖောက်၊ တံတားဆောက်၊ ရေပေးဝေရေး စသည့် သက်ဆိုင်ရာ ကျေးရွာ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။

တိုင်းအတွင်း ၂၀၁၈/၂၀၁၉ ဘဏ္ဍာ နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာပေါင်း ၁၇၈ ရွာ ရှိခဲ့ကြောင်း တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး