လောင်းလုံး CBT ဈေးနှုန်းလျှော့ချ

0
1065

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)တွင် တည်းခိုနေထိုင်ခနှုန်းထားများကို ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ ဈေးလျှော့ထားကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၃၈၅၀၀ နှင့် နှစ်ဦးလျှင် ကျပ် ၇၇၀၀၀ သတ်မှတ်ထားပြီး လက်ရှိတွင် တစ်ဦးလျှင် ကျပ် ၃၀၀၀၀၊ နှစ်ဦးလျှင် ကျပ် ၅၀၀၀၀ သတ်မှတ်ခဲ့ကြောင်း ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

နိုင်ငံသားတစ်ဦးလျှင် ယခင်က ကျပ် ၃၁၅၀၀ သတ်မှတ်ထားရာမှာ လက်ရှိတွင် ကျပ်၂၅၀၀၀သာ ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မိမိအစီအစဉ်ဖြင့် ၀င်ရောက်လာသည့် နိုင်ငံခြားသားများနှင့် ပြည်တွင်း ဧည့်သည်များ တည်းခိုနေထိုင်နိုင်စေရန် လျှော့ချ ကောက်ခံခြင်းဖြစ်ကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။

ဈေးနှုန်းမလျှော့ခင်က တည်းခိုနေထိုင်သည့် ဧည့်သည်များကို မနက်စာ၊ နေ့လယ်စာ၊ ညစာကျွေးမွေးခဲ့ပြီး ဈေးနှုန်းလျှော့ပြီး နောက်ပိုင်းတွင် မနက်စာတစ် မျိုးတည်းသာ ကျွေးတော့မည်ဖြစ်ကြောင်း ဒေါ်မိုးမိုးသူက ပြောသည်။

ယင်းအပြင် ထားဝယ်ရိုးရာအကဖြင့် ကပြဖျော်ဖြေမည့် အစီအစဉ်လည်း မပါဝင်တော့ကြောင်း ၎င်းက ဆိုသည်။

“၀န်ဆောင်မှု ပေးတဲ့အပေါ်မှာအဆင် သင့်မဖြစ်သေးတာလည်းပါတယ်၊ ပြန်ပြီး လေ့လာဆန်းစစ်ရဦးမယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

စမ်းလှမ်းကျေးရွာရှိ CBT လုပ်ငန်း သည် တနင်္သာရီတိုင်းအတွင်း ပထမဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်ရှိ ဒုံးညောင်မှိုင်းနှင့် ကော့သောင်းခရိုင်ရှိ မကြုံဂလက်ရွာများ တွင်လည်း အကောင်အထည်ဖော်ရန်လုပ်ဆောင် နေသည်။

စမ်းလှမ်း CBT တွင် နှစ်ယောက် ခန်း ၈ ခန်းနှင့် စားသောက်ခန်း ၁ ခန်း ပါဝင်ပြီး အဆောက်အအုံကို ဒေသခံအိမ် ပုံစံအတိုင်း တည်ဆောက်ထားသည်။

Dawei Watch