နွေရာသီ အားကစားသင်တန်း အားကစားနည်း လေးမျိုးမှ တစ်ဆယ့်လေးမျိုးအထိ သင်ပေးရမည်

0
1048

နွေရာသီကျောင်းပိတ်ရက်အတွင်း ဆောင်ရွက်မည့် အားကစားသင်တန်းများကို မြို့နယ်တစ်မြို့နယ်လျှင် အနည်းဆုံး အားကစားနည်းလေးမျိုးမှ အများဆုံး ၁၄ မျိုးအထိ သင်ကြားပေးရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

အခြေခံကျောင်းသား၊ ကျောင်းသူများကို အဓိကထားပြီး နှစ်စဉ်သင်ကြားပေးနေသည့် နွေရာသီအားကစားသင်တန်းကို ယခုနှစ်တွင် မတ်လ ၁ ရက်မှ ၂၁ ရက် အထိ သက်ဆိုင်ရာ မြို့နယ်အလိုက် ပြုလုပ်မည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် စသည့်အားကစားနည်းများကို အခြေခံအဆင့် သင်ကြားပေးကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“ဒီသင်တန်းကနေပြီး အားကစား သမားကောင်းတွေ ပေါ်လာအောင်လုပ် တာဆိုတော့ ဒီသင်တန်းတွေက အခြေခံအကျဆုံး သင်တန်းတွေလည်း ဖြစ်တယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ထားဝယ်မြို့နယ်တွင် အခြေခံကျောင်းသား၊ ကျောင်းသူသုံးရာကျော်ကို အားကစားနည်း ၁၃ မျိုး သင်ကြားပေးရန် ကနဦး စီစဉ်ထားကြောင်း ထားဝယ်မြို့နယ်အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

ယင်းအားကစားသင်တန်းများမှ တစ်ဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ယင်းမှတစ်ဆင့် မြို့နယ်ပေါင်းစုံပြိုင်ပွဲ စသည်ဖြင့် အဆင့်ဆင့် ထူးချွန်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းအားကစားသင်တန်းများကို သက်ဆိုင်ရာမြို့နယ် အားကစားရုံများ အားကစားကွင်းများတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး