သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် ဖွင့်လှစ်

0
1204

ကျွန်းစုမြို့နယ်အတွင်းရှိ သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ဖေဖော်ဝါရီလ ၁၂ ရက်မှစပြီး ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမီတက်ထံမှ သိရသည်။

သဲနှစ်တန်းကျွန်းစခန်းခွဲသည် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာအတ္တလန်တစ် ကုမ္ပဏီလီမီတက်တို့ အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာထဲတွင် ပါဝင်ကြောင်း ယင်းကုမ္ပဏီလီမိတက်မှ သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကန့်သတ်နယ်မြေတစ်ခုဖြစ်သည့် ပုလဲမွေးမြူရေးလုပ်ငန်းခွင်များသို့ လည်ပတ်ခွင့်ကို ပြီးခဲ့ သည့်နှစ် အောက်တိုဘာလ ၁ ရက် မှစ၍ စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုပေးပြီးနောက် မြန်မာအတ္တလန်တစ်၏ ပုလဲမွေးမြူရေး လုပ်ငန်းခွင်သို့ လည်ပတ်ခွင့်ပေးထား ရာမှာ ယင်းနေရာအစား သဲနှစ်တန်းကျွန်း အားပုလဲစခန်းခရီးသွားလုပ်ငန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမိတက် ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ပုလဲမွေးမြူရေးစခန်းများသို့ လည်ပတ်ခွင့်ကို မြိတ်ကျွန်းစုအတွင်းရှိ မြန်မာအတ္တလန်တစ်ကုမ္ပဏီ၊ ကော့သောင်းခရိုင် အတွင်းရှိ ဂျလန်းကျွန်း(အရှေ့တိုင်းပုလဲ ကုမ္ပဏီ) ရွှေကျွန်း(Belpearl ကုမ္ပဏီ)နှင့် ငလုံးလက်ဖယ်ကျွန်း( ပြည်စုံထက် မြက်ကုမ္ပဏီ)နှင့် နိုင်ငံပိုင် ပုလဲကျွန်းတို့ကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

ပုလဲမွေးမြူရေးလုပ်ငန်းခွင်များသို့ လည်ပတ်မည်ဆိုပါက ပြည်တွင်းခရီးသွား တစ်ဦးလျှင် ငွေ ၁၅၀၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားသားခရီးသွား တစ်ဦးလျှင် ၁၅ ဒေါ်လာနှုန်း သတ်မှတ်ထားကြောင်း မြန်မာ့ပုလဲမှ သိရသည်။