ပိုကောင်း ဆီအုန်းကုမ္ပဏီ စစ်ဆေးရေးဂိတ် ဖယ်ရှားပစ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပြော

0
1127

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မတေးကျေးရွာအုပ်စု ကျေးရွာဆယ်ရွာ အသုံးပြုသွားလာနေသည့် လမ်း တွင် ပိုကောင်းဆီအုန်းကုမ်္ပဏီက စစ်ဆေးရေးဂိတ်များဖွင့်ကာ စစ်ဆေးနေသောကြောင့် သွားရေးလာရေး အခက်အခဲ ဖြစ်နေသည့်အတွက် ဖြေရှင်းပေးရန်  ဖေဖော်ဝါရီ ၁၅ရက် နိုင်ငံတော်၏အတိုင်ပင်ခံနှင့် ကော့သောင်းလူထုတွေ့ဆုံပွဲတွင် ကျေးရွာသားတစ်ဦးက တင်ပြခဲ့သည်။

ဆီအုန်းကုမ္ပဏီပိုင် ဧရိယာအတွင်း ဖြတ်သန်းသွားလာနေသည်ဟုဆိုကာ စစ်ဆေးရေးဂိတ် ၃ခုဖွင့်ပြီး အ၀င်အထွက် သတင်းပို့ရန်လမ်းတားများ အသုံးပြုထားသည့်အတွက် အခက်အခဲ ဖြစ်နေသည်ကို ဖြေရှင်းပေးရန် တင်ပြခြင်း ဖြစ်သည်။

“ညရေးညတာ ကျန်းမာရေးကိစ္စတွေ သွားလာရင် အဲဂိတ်ကို သတင်းပို့ပြီး ဖြတ်သန်းနေရတော့ အဆင်မပြေမှုတွေ ကြုံရတယ်”ဟု တင်ပြခဲ့သည့် ဘုတ်ပြင်း မြို့မှ မောင်သက်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံက တိုင်းအစိုးရအဖွဲ့အား မေးမြန်းရာ ကျေးရွာဆယ်ရွာအတွက် သီးသန့်လမ်းဖောက်လုပ်ပေးရန် မိုင် ၃၀ကွာဝေးသောကြောင့် လမ်းဖောက်ရန် အဆင်မပြေသောကြောင့် ကုမ္ပဏီက ဖောက်ထားသည့် ယင်းလမ်းကိုသာ အသုံးပြုနေရကြောင်း ယခုကဲ့သို့ မလုပ်ရန် ကုမ္ပဏီကို ခဏခဏ ညှိနိုင်းပေးကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြန်လည်ဖြေကြားခဲ့သည်။

စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် ဥပဒေနှင့်မညီဘဲ လုပ်ဆောင်နေပါက ယင်းကိစ္စကို ညှိနိုင်းစရာမလိုဘဲ ဂိတ်အားဖယ်ရှားပစ်ရန် တိုင်းဝန်ကြီးချုပ်အား ယင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံက ညွှန်ကြားခဲ့သည်။

Dawei Watch