မူလနေထိုင်ခဲ့သည့် ကျွန်းပေါ် ပြန်နေထိုင်ခွင့်ရရေး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် ဆလုံတိုင်ရင်းသားတစ်ချို့ တောင်းဆို

0
1116

ကော့သောင်းခရိုင်အတွင်း ပုလဲမွေးမြူ ရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်တချို့ သိမ်းယူခဲ့သည့် ကျွန်းများပေါ် ပြန်လည်နေထိုင်ခွင့်ရရှိရေးကို ဖေဖော်ဝါရီ ၁၅ရက်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆလုံတိုင်းရင်းသားတချို့က တင်ပြတောင်းဆိုခဲ့ ကြသည်။

၎င်းတို့၏ မိဘဘိုးဘွားများ ခေါင်းချခဲ့သည့် ၎င်းတို့ ကျင်လည်ကျက်စားရာ ကျွန်းများကို ပုလဲမွေးမြူရေး လုပ်ငန်းများအတွက် သိမ်းယူခဲ့ပြီးနောက် ဆလုံတိုင်ရင်းသားများ နေရပ်စွန့်ခွာခဲ့ရကြောင်း ၎င်းတို့က ရှင်းပြ သည်။

လက်ရှိတွင် သင့်တော်ရာ ကျွန်းတွေပေါ် ပြောင်းရွှေ့နေထိုင်နေသည့် အိမ်ထောင်စုများက မူလနေထိုင်ခဲ့သည့် ကျွန်းများပေါ် ပြန်လည်နေထိုင်ချင်ကြောင်း ယင်းတွေ့ဆုံပွဲတွင် တောင်းဆိုခဲ့သည်။

“မသေခင်တော့ အဖိုးအဖွားတွေ ခေါင်းချခဲ့တဲ့နေရာမှာပဲ ပြန်နေပြီး သေချင်တဲ့ ဆန္ဒပြည့်ချင်တယ်”ဟု ဆလုံ အဖိုးအိုတစ်ဦးက ဆိုသည်။

ပုလဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် ကျွန်းတစ်ကျွန်းလုံး ပေးထားခြင်းမဟုတ် သည့်အတွက် သင့်တော်ရာနေရာများကို ၀န်ကြီးဌာနနှင့် တိုင်ပင်ကာအမြန်ဆုံးစီစဉ် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားသည်။

လူဦးရေ အနည်းစုသာ ကျန်တော့သည့် ဆလုံလူမျိုးများအတွက် တခြားတိုင်းရင်းသားများ နည်းတူအခွင့်အရေးရရှိရေး အလေးထား ဆောင်ရွက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၄ရက်က ကော့သောင်းမြို့သို့ ပင်လယ်ရေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာပြီး မြန်မာ့ပုလဲမွေးမြူ ရေးလုပ်ငန်း၊ ၀ါးအလယ်ကျွန်းနှင့် ဆလုံ လူမျိုးတို့နေထိုင်ရာ မကြုံကလက် ကျေးရွာများသို့ သွားရောက်ခဲ့သည်။

Dawei Watch