ထားဝယ်နှင့် ကော့သောင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တီဘီရောဂါ အခမဲ့ ကွင်းဆင်းကုသပေးမည်

0
548

ထားဝယ်မြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့ရှိ ရွှေ့ပြောင်းလုပ်သားများကို ယခု ၂၀၁၉ ခုနှစ်အတွင်း တီဘီရောဂါ အခမဲ့ကွင်းဆင်း စစ်ဆေးကုသပေးခြင်း ၁၂ ကြိမ်ပြုလုပ်ရန် စီမံချက်ရေးဆွဲထားကြောင်း တိုင်းတီဘီ ရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။

ယင်းစီမံချက်အရ ထားဝယ်မြို့နယ်တွင် ၆ ကြိမ်၊ ကော့သောင်းမြို့နယ်တွင် ၆ ကြိမ် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာန ထက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်ဇော်အောင်က ပြောသည်။

“ရွှေ့ပြောင်းလုပ်သားတွေကို အဓိက ထားတယ်ဆိုပေမဲ့ အခြားသူတွေ လာပြရင်လည်း ငြင်းလို့ရမလား ကုပေးမှာပေါ့””ဟု ဒေါက်တာ ထင်ဇော်အောင်က ဆိုသည်။

တိုင်းအတွင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ကြီးနှစ်မြို့ကို ဦးစားပေးအနေဖြင့် ထားဝယ်နှင့် ကော့သောင်းမြို့တို့ကို ရွေးချယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေါက်တာထင်ဇော်အောင်က ပြောသည်။

ထားဝယ်မြို့နယ်ရှိ သဗျာကျေးရွာနှင့် ပကာရီကျေးရွာနှစ်ရွာတွင် ကွင်းဆင်းကုသပေးပြီးဖြစ်ပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်တွင် ထီးခီးဒေသကို ကွင်းဆင်းကာ တီဘီရောဂါစစ်ဆေး ကုသပေးရန်ရှိကြောင်း ၎င်းက ပြောသည်။

ယင်းစီမံချက်အရ တီဘီရောဂါ သံသယရှိသူများကို ရွေ့လျားဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သလိပ်စစ်ဆေးခြင်းတို့ လုပ်ဆောင်မည်ဖြစ်ပြီး ရောဂါရှိသူများကို ဆေးကုသပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းလုပ်သား တီဘီလူနာများ မြန်မာပြည်တွင် ဆေးကသုမှုခံယူနိုင်ရေး စနစ်တကျ လွှဲပြောင်းပေးရန် ထိုင်း၊ မြန်မာနှစ်နိုင်ငံ သဘောတူညီမှု ရရှိထားသည်။

၂၀၁၈ ခုနှစ်အတွင်း တီဘီရောဂါ ဖြစ်ပွားသူ ထားဝယ်ခရိုင်တွင် ၉၂၆ ဦး၊ မြိတ်ခရိုင်တွင် ၁၆၆၅ ဦး၊ ကော့သောင်း ခရိုင်တွင် ၄၃၅ ဦး စုစုပေါင်း သုံးထောင်ကျော်(၃၀၂၆) ဦးရှိကြောင်း တိုင်းတီဘီ ရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။

ကျော်သူစိုး