စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းအား ယုံကြည်ထောက်ခံကြောင်း လက်မှတ်များ ကောက်ခံ

0
1151

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အ၀ယုံကြည် ထောက်ခံကြောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လက်မှတ်များ ကောက်ခံနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လ ၁၃ ရက်က မြိတ်မြို့သို့ လာရောက်ခဲ့ပြီး နောက်တစ်ရက်တွင် လက်မှတ်များကောက်ခံခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်အတွင်း ဒေသခံတချို့က တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား ဖယ်ရှားပေးရန် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြခဲ့ကြ သည်။

ထောက်ခံလက်မှတ်များကို မြိတ်မြို့ သန့်ရှင်းသာယာလှပရေးကော်မတီက ကောက်ခံခြင်းဖြစ်ပြီး ရပ်ကွက် ကျေးရွာများရှိ လက်မှတ်များကောက်ယူနေသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှာ ယင်း ကော်မတီဝင်များဖြစ်ကြကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းမှ သိရသည်။

“ဒီဝန်ကြီး (စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း)က တိုင်ကြားခံထားရတာ ဘာလို့လက်မှတ်ထိုးပေးရမှာလဲ”ဟု မြိတ်တောင်ကျေးရွာ ရာပြည့်ရပ်ကွက်နေ အသက်  ၄၀ ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်မှတ်များကို အုပ်ချုပ်ရေးဘက်က ကောက်ခံခြင်းမဟုတ်ကြောင်း၊  ကြားညှပ်မည်စိုးသဖြင့် ကောက်ခံနေသူများအား တားမြစ်ရန် မရဲဝံ့ဖြစ်နေရကြောင်း မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောသည်။

“ဘယ်ကနေ စလိုက်မှန်းမသိဘူး စာရွက်တွေတော့ ပျံ့ကျဲနေတာပဲ”ဟု အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ဆိုသည်။

လက်မှတ်ကောက်သည့် မြိတ်မြို့သန့်ရှင်းသာယာလှပရေးကော်မတီမှ ဥက္ကဋ္ဌ ဦးစိုးဦးကမူ ၎င်းတို့ သဘောဆန္ဒအလျောက် ကောက်ခံခြင်းဖြစ်ကြောင်း ပြောသည်။

“သူ့ (၀န်ကြီးဦးဖြိုးဝင်းထွန်း)ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိမှာပေါ့ ဒီမိုကရေစီပါပဲ။ တို့ဆန္ဒကို တို့ထုတ်ဖော်တာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးဖြိုးဝင်းထွန်းအား ဆက်သွယ်မေးမြန်းရာ ယင်းသို့ လက်မှတ်ကောက်ခံနေသည့် ကိစ္စကို လူမှုကွန်ရက်မှတစ်ဆင့် သိရပြီး ၎င်းအနေဖြင့် တစ်စုံတစ်ရာ လုပ်ခိုင်းခြင်း မရှိသည့်အတွက် မှတ်ချက်မပြုလိုကြောင်း ပြောသည်။

ဝန်ကြီးဦးဖြိုးထွန်းအား ထောက်ခံကြောင်း လက်မှတ်များကောက်ယူရာတွင် မိမိသဘောဆန္ဒအလျောက် လက်မှတ်ထိုးခြင်း၊ မထိုးခြင်း ပြုလုပ်နိုင်ပြီး အတင်းအဓမ္မ ရေးထိုးစေခြင်း မရှိကြောင်း ဦးစိုးဦးက ဆိုသည်။

အဆိုပါ လက်မှတ်များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာအနေဖြင့် တင် ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့အား စစ်ဆေးအရေး ယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံ ၆၂ ဦးက တိုင်ကြားထားသည်။

မြင့်မိုရ်(မြိတ်)