ထားဝယ် – ထီးခီး ယာဉ်လိုင်း တစ်နှစ်ထက်တစ်နှစ် လျော့နည်း

0
1734

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ တရားဝင်ပြေးဆွဲနေသည့် ထားဝယ် – ထီးခီးယာဉ်လိုင်းများ တစ်နှစ် ထက်တစ်နှစ် လျော့နည်းလာကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် ထားဝယ် – ထီးခီး ယာဉ်လိုင်း ၂၃ ရှိသော်လည်း ယခု ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် ယာဉ်လိုင်း ၁၆ လိုင်းသာ ကျန်တော့ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။

ထို့အပြင် ယာဉ်လိုင်းတစ်ခုချင်းတွင် ပြေးဆွဲသည့် မော်တော်ယာဉ် အစီးရေလည်း လျော့ကျလာကြောင်း သိရသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကာလတွင် ထားဝယ်-ထီးခီး သို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုလျှင် ယာဉ် အစီးရေ ၅ စီးမှ ၁၅ စီးခန့်အထိရှိပြီး ယခု ၂၀၁၉ ခုနှစ်တွင် ယာဉ်လိုင်းတစ်လိုင်းလျှင် ယာဉ်အစီးရေ ၂ စီးမှ ၅ စီး ခန့်သာရှိတော့ကြောင်း ထားဝယ်လမင်း ကားဂိတ်မှဂိတ်မှူး ဦးတင်စိုးက ပြောသည်။

လက်ရှိတွင် ထီးခီးနယ်စပ်သို့သွားသည့် ခရီးသွားများသော်လည်း တရားမ၀င်ပြေးဆွဲနေသည့် ယာဉ်လိုင်း တစ်ချို့က ယာဉ်စီးနင်းခကို အနိမ့်ဈေးဖြင့်ယူပြီး ပို့ဆောင်နေသည့်အတွက်  တရားဝင်ယာဉ်လိုင်းများတွင် ခရီးသည် အရနည်းလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ခရီးသည်ရရှိမှု အခြေအနေ ဆိုးရွားလာခြင်းမှာ အသင်း၏ကြီးကြပ်မှု အားနည်းခြင်းကြောင့်လည်း ပါကြောင်း ဦးတင်စိုးက ဝေဖန်သည်။

မိုးမြင့်