ပေါင်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံ ယာယီရပ်ဆိုင်းရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

0
845

မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ပဒုမ္မာ ဆပ်ပြာစက်ရုံကို ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပဒုမ္မာ ဆပ်ပြာစက်ရုံမှ ရေဆိုးစွန့်ပစ်မှုကြောင့် စက်ရုံပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးပြီး၊ ငါးများ သေဆုံးမှုရှိသည်ဟု ဒေသခံတို့၏ တိုင်ကြားမှုအရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် တွေ့ရှိခဲ့သည့် အချက်များကြောင့် စက်ရုံယာယီ ရပ်ဆိုင်းထားရန် ညွန်ကြားထားခြင်း ဖြစ်သည်။

“ရေဆိုးက စနစ်တကျ လုပ်ရမယ်၊ ရေအမြှုပ်တွေက ရော်ဘာရေလို ဖြစ်နေတယ်၊ ဘာကောင်မှ ရှင်ဖို့ မရှိဘူး၊ ရေစစ် ကန် ၂ ကန် ထပ်တူးခိုင်းထားတယ်၊ မြေသားကန်နဲ့ မရဘူး၊ ကွန်ကရစ်ကန် လုပ်ခိုင်းထားတယ်၊ EMP (သဘာဝပတ်ဝန်းကျင် ဆိုင်ရာစီမံမှု အစီအစဉ်) ဆွဲပေးရမယ်” ဟု ဒေါက်တာ မင်းကြည်ဝင်းက ပြော သည်။

စက်ရုံယာယီရပ်ဆိုင်းရန် ဖေဖော်ဝါရီလ ပထမအပတ်က ညွှန်ကြားထားခဲ့သည် ဟုလည်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အစိုးရ၏ ညွန်ကြားစာတွင် စက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ စက်ရုံ၏ ထိရောက်သည့် ရေဆိုးသန့်စင်ရေးစနစ် တည်ဆောက်ခြင်း မပြုမီကာလအထိ စက်ရုံလည်ပတ်ခြင်း ရပ်ဆိုင်းထား ရန်၊ စက်ရုံလည်ပတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေကို အနီးအနားနေ ဒေသခံပြည်သူများအား ချပြရှင်းလင်းရန် စသည့် အချက်  ၅ ချက်ဖြင့် ညွန်ကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုကိုလည်း ဖေဖော်ဝါရီလ ၁၈ ရက်အရောက် တင်ပြရမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

“ရေတွေက ဆပ်ပြာရေလိုပဲ အမြှုပ်ထတယ်၊ ငါးတွေပါ သေတယ်၊ သေတဲ့ငါးတွေကို ဟင်းချက်စားရင် ဆပ်ပြာအနံ့ ရတယ်၊ သစ်ပင်တွေကို ပက်ဖျန်းရင် သစ်ပင်ပါ သေတယ်”ဟု ဆပ်ပြာစက်ရုံ အနီးနေသူ တစ်ဦးက ပြောသည်။

ပဒုမ္မာ စက်ပြာစက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ပိုင် စက်ရုံတစ်ခုဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

Dawei Watch