နိုင်ငံတော်၏အတိုင်ပင်ခံ ခရီးစဉ်အတွင်း တိုင်စာ သုံးရာနီးပါးရှိ

0
1751

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်းသားများက ပေးပို့သည့် တိုင်ကြားစာသုံးရာနီးပါးရှိကြောင်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။

မြိတ်မြို့ခရီးစဉ်တွင် တိုင်စာ ၁၃၁ စောင်၊ ကော့သောင်းမြို့ခရီးစဉ်တွင် ၇၀ စောင်နှင့် ထားဝယ်မြို့ခရီးစဉ်တွင် ၈၉ စောင်ရှိကြောင်း အထက်ပါရုံးများထံမှ သိရသည်။

တိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် မြို့တိုင်းတွင် တိုင်ကြားစာဌာနများ ဖွင့်လှစ်ထား ခဲ့သည်။

မြိတ်မြို့တွင် လက်ခံရရှိသည့် တိုင်စာ ၁၃၁ စောင်အနက် မြိတ်မြို့နယ်အတွင်းမှ တိုင်ကြားမှုအများဆုံးဖြစ်ပြီး ထားဝယ် ခရိုင်အတွင်းမှ တိုင်ကြားစာအချို့ကိုလည်းတွေ့ရကြောင်း မြိတ်မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ဆိုသည်။

ကော့သောင်းမြို့ခရီးစဉ်တွင် မကြုံဂလက်၊ ဘုတ်ပြင်းနှင့် ကော့သောင်း မြို့နယ်များမှ လာရောက်ပေးပို့သည့် တိုင်စာများဖြစ်ကြောင်း ဒုတိယခရိုင်အုပ် ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောသည်။

“မှတ်ပုံတင်စာရင်းသွင်းပြီး အတိုင်ခံပုဂ်္ဂိုလ်နဲ့အတူ ပါလာတဲ့ရုံးအဖွဲ့ကို တစ်ခါတည်း လွှဲပေးလိုက်တယ်”ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လမ်းဧရိယာပေါ် ကျူးကျော်၍ အဆောက်အအုံ ဆောက်လုပ်သည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများကို ၃ ကြိမ်တိုင် တိုင်ကြားဖူးပြီး လက်ရှိအချိန်ထိ ထူးခြားမှုမရှိသည့်အတွက် တိုင်ကြားစာပေးဖြစ်ကြောင်း မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၅၅ နှစ်အရွယ်ရှိ ပြည်သူတစ်ဦးက ဆိုသည်။

“ဒီက လူတွေက အဆုံးအဖြတ် မပေးနိုင်ကြလို့ အမေစုကို အားကိုးပြီး တိုင်လိုက်တာ”ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းအတွင်းသို့ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ လာရောက်ခဲ့ပြီး ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် မြို့နေလူထုအချို့က တိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ပေးရေး အပါအ၀င် အခြားတိုင်းအတွင်း လူထု ကြုံနေရသည့် ပြဿနာများနှင့် ပတ်သက်သည့်ကိစ္စများကို ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြခဲ့ကြသည်။