ပဲခူးထွက် ဖရဲသီး ထိုင်းနယ်စပ်တွင် စမ်းရောင်း

0
854

ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဖရဲသီးများကို ထီးခီးနယ်စပ်တွင် ပထမဆုံးအကြိမ် သွားရောက်ရောင်းချခဲ့ရာ ထိုင်းနိုင်ငံသားများ ၀ယ်ယူမှုများပြားကြောင်း ဖရဲသီးသွားရောင်းခဲ့သူ ဦးရဲမြတ်သူက ပြောသည်။

ပုံမှန်အားဖြင့် ထိုင်းနိုင်ငံထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းများကို ထားဝယ်ဒေသသို့ တင်သွင်း ရောင်းချနေခဲ့သည်။

မြန်မာနိုင်ငံထွက် ဖရဲသီးများကို ထီးခီးနယ်စပ်သို့ ဖေဖော်ဝါရီလ ပထမအပတ်တွင် သွားရောင်းခဲ့ရာ အရွယ်အစား ကြီးသည့်အတွက် ထိုင်းနိုင်ငံသားအများစု ၀ယ်ယူခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်က စမ်းပြီးတော့ လုပ်ကြည့် လိုက်တာပါ၊ ပထမဆုံးအခေါက်မှာ အဆင် ပြေပါတယ်၊ အများအားဖြင့် ထိုင်းတွေကို ရောင်းရတာ များပါတယ်”ဟု ဦးရဲမြတ်သူက ပြောသည်။

နယ်စပ်တွင် ရောင်းချသည့် ဖရဲသီးတစ်လုံး၏ တန်ဖိုးကိုမူ ပြောဆိုခြင်း မရှိပေ။

ထိုင်းနိုင်ငံထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ဆောင်လာသည့် ကားများက နယ်စပ်သို့ အပြန်ခရီးတွင် ထားဝယ် ဒေသထွက် ဟင်းသီးဟင်းရွက် အချို့ ပြန်လည်ဝယ်ယူသွားလေ့ရှိသော်လည်း ဖရဲသီးကို သွားရောက်ရောင်းချခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံထွက် ဖရဲသီးတစ်လုံးလျှင် ပျမ်းမျှ ဘတ်ငွေ ၁၅၀ ခန့် ပေါက်ဈေးရှိကြောင်း ထီးခီးနယ်စပ် ကုန်သည် အသင်း(ယာယီ) ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

ကိုဇော်