စိတ်ကြွမူးယစ်ဆေးပြားနှင့်အတူ ပစ္စတိုသေနတ် ဖမ်းမိသူကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျနိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့်၊ ကွင်းဆက်များ ထပ်မိ

0
1672

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် ဖေဖော်ဝါရီလ ၈ ရက်က WY စိတ်ကြွ ဆေးပြားများနှင့်အတူ ပစ်္စတိုသေနတ် ဖမ်းမိသူများကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံရနိုင်သည့် မူးယစ်ပုဒ်မ များဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ပိန္နဲတောရပ်ကွက် ရွှေတောင်စားလမ်းရှိ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား ၁၃၈ ပြား၊ ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊ ယမ်းတောင့် အရှည်/အတို ၁၈ တောင့်၊ ဖောက်ခွဲရေးသုံး လျှပ်စစ်စနက်တံနှင့် ကြိုးတွဲလျက် (ဒီတိုနေတာ) ၂ စုံ ကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အထက်ပါနေအိမ်ကို ၀င်ရောက်ရှာ ဖွေရာတွင် အသက် ၄၈ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူကိုမတွေ့ရဘဲ အသက် ၃၈ နှစ် အရွယ်ရှိ ဇနီးဖြစ်သူကိုသာတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်နှင့် နေအိမ်အတွင်း ဆက်လက်ရှာဖွေရာမှ အထက်ပါ မူးယစ်ဆေးများ၊ ပစ္စတိုသေနတ်၊ ဒီတို နေတာများ တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အထက်ပါအမှုနှင့် ပတ်သက်၍ ဖမ်းမိသည့် ဇနီးဖြစ်သူ၊ လွတ်မြောက်နေဆဲ ဖြစ်သည့်ခင်ပွန်းဖြစ်သူ၊  အသက် ၁၈ နှစ်အရွယ် အခြားအမျိုးသားတစ်ဦး(ဖမ်း မိ) တို့ကို မူးစိတ်ပုဒ်မ-၁၉(က)/ ၂၀(က)/ ၂၂(ခ)/ ၂၁ တို့ဖြင့် ထားဝယ်မြို့မရဲစခန်း တွင် အမှုဖွင့်ထားသည်။

မူးစိတ်ပုဒ်မ-၁၉(က) မူးယစ်ဆေးဝါး ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိ ခြင်းဖြစ်ပြီး ထောင်ဒဏ်အနည်းဆုံး ၁၀နှစ်မှ အများဆုံးနှစ်အကန့်အသတ်မရှိ ချမှတ်ခံရမည် ဖြစ်သည်။

ပုဒ်မ၂၀(က)မှာ မူးယစ်ဆေးကို ဖြန့်ဖြူးရောင်းချခြင်းဖြစ်ပြီး  ထောင်ဒဏ်အနည်းဆုံး၁၅ နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်ခံရ မည်ဖြစ်ကြောင်း အထက်ပါ ဥပဒေအရ သိရသည်။

မူးစိတ်ပုဒ်မ ၂၂(ခ)မှာ လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ၀တ္ထု ပစ္စည်းကို ကိုင်တွယ်အသုံးပြု၍ မူးယစ်အမှု ကျူးလွန်ခြင်းဖြစ်ပြီး ကျူးလွန်သောပြစ်မှု အတွက် ပြဋ္ဌာန်းထားသော အများဆုံး ပြစ်ဒဏ်ကို ချမှတ်ရမည် ဖြစ်သည်။

ပုဒ်မ ၂၁ မှာ အားပေးကူညီခြင်းဖြစ်ပြီး ကျူးလွန်သူချမှတ်ခံရမည့် ပြစ်ဒဏ်ကို ချမှတ်ရမည်ဟု အထက်ပါဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

ရဲတပ်ဖွဲ့က အမှုတွင် ဖမ်းမိထားသည့် ဇနီးဖြစ်သူ၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် ကွင်းဆက်တရားခံဖြစ်သည့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားကို ဆက်သွယ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖုန်းဖြင့်ဆက်သွယ်ပြီး ရဲတပ်ဖွဲ့ဝင် များက မြောက်ရွာရပ်ကွက် ပခုက္ကူကျောင်း လမ်းသွယ်တွင် စောင့်ဆိုင်းနေစဉ် အထက်ပါ ကွင်းဆက်တရားခံနှင့် အသက် ၁၉နှစ် အရွယ်အမျိုးသားတစ်ဦးထံမှ  စိတ်ကြွ ဆေးပြား ၂၀၀ ပြားဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနောက် ၎င်းင်းတို့ကို ဆက်လက်စစ် ဆေးရာ အဆိုပါ မူးယစ်ဆေးများကို လောင်းလုံးမြို့နယ် “ဃ” ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ၀ယ်ယူသည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ အမျိုးသမီး၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်ဈေးဆိုင်အတွင်းမှ စိတ်ကြွဆေးပြား ၁၇၆၀ ပြား ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အထက်ပါ အမျိုးသားများနှင့် အမျိုးသမီး တို့ကို မူးစိတ်ပုဒ်မများဖြင့် သီးခြား အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ကိုဇော်