ထားဝယ်-ထီးခီး လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် အဖွဲ့မစုံသည့်အတွက် ကြန့်ကြာ

0
1307

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ပြေးဆွဲနေသည့် တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူရန် အဖွဲ့မစုံသေးသည့်အတွက် ကြန့်ကြာနေကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ  သိရသည်။

ထားဝယ်-ထီးခီးသို့ တရားမ၀င် ပြေးဆွဲနေသည့် လိုင်စင်မဲ့မော်ယာဉ်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီး အရေးယူမည်ဟုဆိုသော်လည်း ထားဝယ်မြို့နယ် ယကက(ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ) အား အသစ်ပြန်လည် ဖွဲ့စည်းနေသည့်အတွက် အဖွဲ့မစုံ၍ ဖမ်းဆီးရန်ကြန့်ကြာ နေကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။

“အရေးယူမှုကတော့ လုပ်တော့လုပ် ဖို့ပဲ၊ မတ်လထဲမှာတော့ အရေးယူဖို့ အစီအစဉ်ရှိတယ်”ဟု ဦးသန်းဇော်မိုးက ဆိုသည်။

ထားဝယ်-ထီးခီးသို့ ပြေးဆွဲနေသည့် ယာဉ်အစီးရေ ၄၀၀ ကျော်ရှိပြီး လိုင်စင်မဲ့ ပြေးဆွဲနေသည့်ယာဉ်မှာ ၂၀၀ ၀န်းကျင် ခန့်ရှိကြောင်း သိရသည်။

ထို့အပြင် လိုင်စင်ရှိသော်လည်း ယာယီပြေးဆွဲခွင့်လက်မှတ် လာမလုပ်ဘဲ ပြေးဆွဲနေသည့်ယာဉ်အစီးရေ ၁၃၀ ခန့်ရှိကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ဖမ်းဆီးမှု အစီအစဉ်တွင် မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီ၊ ထားဝယ် မြို့နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့၊ ထားဝယ်-ထီးခီး ကြီးကြပ်ရေးအသင်းတို့ ပါဝင်သည်။

တရားမ၀င် လိုင်စင်မဲ့မော်တော်ယာဉ်များမှာ ပစ်္စည်းတင်ကားများပြီး လူတင်သည့်ကားမှာ အနည်းငယ်သာရှိ ကြောင်း အထက်ပါအသင်းမှ သိရသည်။

“ဖမ်းမယ်ဆိုပြောပြီး ဖမ်းလည်း မဖမ်းဘူးဆိုတော့ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုး ပြန်ပြီး ဖြစ်လာတယ်” ထားဝယ်လမင်း ကားဂိတ်မှဂိတ်မှူး ဦးတင်စိုးက ဆိုသည်။

မိုးမြင့်