ကျွန်းများတွင် ငှက်သိုက်စုဆောင်း ထုတ်ယူခွင့် သုံးနှစ်အထိ တိုးမြှင့်

0
814

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများတွင် ငှက်သိုက်စုဆောင်းထုတ်ယူခွင့်ကို သုံးနှစ်အထိ တိုးမြှင့်လိုက်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

ယခင်က ငှက်သိုက်စုဆောင်းထုတ် ယူခွင့်ကို တစ်နှစ်သာ ခွင့်ပြုရာမှ လက်ရှိဘဏ္ဍာနှစ်မှ စတင်ကာ သုံးနှစ်အထိလုပ် ကိုင်ခွင့်ပြုတော့မည် ဖြစ်သည်။

ငှက်သိုက်စုဆောင်းထုတ်လုပ်ခွင့် သုံးနှစ်သတ်မှတ်နိုင်ရန် တိုင်းအစိုးရနှင့် ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့ပြီး ခွင့်ပြု သည့်အတွက် ယင်းကဲ့သို့ သတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်ဇေယျက ဆိုသည်။

ဦးကျော်ဇေယျသည် ပြီးခဲ့သည့် လပိုင်းက ဧရာဝတီတိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့်လည်း ငှက်သိုက်စုဆောင်းထုတ်လုပ်ရာတွင် ရေရှည်ရင်းနှီးမြှုပ်နှံခွင့်ရမည် ဖြစ်သည့် အတွက် တင်ဒါဈေးနှုန်း ပိုမိုတိုးပေးလာ မည်ဖြစ်ပြီး ငှက်သိုက်ကျွန်းများ ပြုပြင် ထိန်းသိမ်းရေးကို ပိုမိုလုပ်ဆောင်လာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရေရှည်ရင်းနှီးမြှုပ်နှံခွင့်ရတော့ ငှက်သိုက်ကျွန်းတွေ ရေရှည်တည်တံ့ခိုင် မြဲရေးအတွက် ထိန်းသိမ်းပြုပြင်မှုအပိုင်းမှာ အားထည့်လာမှာ”ဟု ဦးကျော်ဇေယျက ပြောသည်။

ငှက်သိုက်ထွက်ရှိရာ ကျွန်းအုပ်စုလေးခုတွင် သုံးနှစ်လုပ်ကိုင်ခွင့်ရမည့် ဈေးပြိုင်အိတ်ဖွင့်တင်ဒါကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ကြေညာချက်အရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငှက်သိုက်ရာသီအထိ လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကို ကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရေအေးကျွန်းအုပ်စု၊ ကော့သောင်းမြို့နယ် အတွင်းရှိ ကဆိုင်းလှနှင့် ကော့ငါးကျွန်း အုပ်စု၊ ပုလောမြို့နယ်အတွင်းရှိ မလိကျွန်း အုပ်စုတို့ ဖြစ်သည်။

ယမန်နှစ်က ကျွန်းအုပ်စုလေးခုစလုံး ကို မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ဈေးအများဆုံးပေးကာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စုကို ငွေကျပ် ၇ သိန်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရေအေးကျွန်း အုပ်စုကို ကျပ် ၁၆ သိန်းခွဲ၊ ကော့သောင်း မြို့နယ်အတွင်းရှိ ကဆိုင်းလှနှင့် ကော့ငါး ကျွန်းအုပ်စုကို ငွေကျပ် သိန်း ၇၂၀၀ နှင့် ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းအုပ်စု ကို ကျပ်သိန်းပေါင်း ၁၂၆၀၀ ဖြင့် တစ်နှစ် တာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုဇော်