ပြောင်းလဲမည့် သင်ရိုးသစ်အကြောင်း ရှင်းလင်းပွဲများ လုပ်မည်

0
1298

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ပြောင်းလဲသင်ကြားမည့် တတိယတန်းနှင့် ဆဌမတန်း သင်ရိုးသစ်အကြောင်းကို ကျောင်းသားမိဘများအား သက်ဆိုင်ရာ ကျေးရွာအလိုက် လူထုရှင်းလင်းပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

လာမည့်ပညာသင်နှစ် ကျောင်းဖွင့်ရာသီ မရောက်မီ အဆိုပါ ရှင်းလင်းပွဲများ လိုက်လံ လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

“သင်ရိုးအဟောင်းနဲ့ သင်းရိုးအသစ်က ပညာရေးဝန်ထမ်းတွေတောင် သိပ်နားမလည်ကြတာ၊ (ကျောင်းသား) မိဘတွေဆို ပိုဆိုးတာပေါ့”ဟု ဒေါ်မိုးမိုးအေးက ဆိုသည်။

သင်ရိုးအသစ်အရ သူငယ်တန်း အစား KG အတန်း၊ ပထမတန်းကို Grade 1 စသည်ြ့ဖင့် တတိယတန်းကို Grade 3၊ ဆဌမတန်းကို Grade 6 ဟု ခေါ်ဆိုပြီး မူလတန်းတွင် အတန်းငါးတန်း၊ အလယ်တန်းတွင် အတန်းလေးတန်း၊ အထက်တန်းတွင် အတန်း သုံးတန်း (KG+5+4+3 ) ပုံစံဖြင့် သင်ကြားသည်။

သင်ရိုးအဟောင်းတွင်မူ KGတန်း မရှိဘဲ သူငယ်တန်းကို Grade 1၊ ပထမတန်းကို Grade 2၊ စသည်ဖြင့် တတိယတန်းကို Grade 4၊ ဆဌမတန်းကို Grade 7 ဟု သုံးနှုန်းပြီး မူလတန်းတွင် အတန်းငါးတန်း၊ အလယ်တန်းတွင် အတန်းလေးတန်း၊ အထက်တန်းတွင် အတန်းနှစ်တန်း(၅+၄+၂) ပုံစံဖြင့် သင်ကြားကြောင်း သိရသည်။

ယင်းသင်ရိုးအသစ်အရ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်တွင် KG တန်း ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ပထမတန်းနှင့် ဒုတိယတန်းကို သင်းရိုးအသစ်ဖြင့် ပြောင်းလဲသင် ကြားနေပြီ ဖြစ်သည်။

လာမည့် ၂၀၁၉- ၂၀၂၀ ပညာသင် နှစ်တွင် တတိယတန်းနှင့် ဆဌမတန်းကို သင်ရိုးအသစ်ဖြင့် ပြောင်းလဲသင်ကြား မည်ဖြစ်သည်။

ယင်းဖော်ပြပါ အတန်းအသုံးအနှုန်းများအပြင် သင်ရိုးအသစ် သင်ကြားရေးစနစ်၊ စာမေးပွဲစနစ်များကို လူထုရှင်းလင်းပွဲများတွင် အသေးစိတ်ရှင်းပြမည်ဖြစ်ကြောင်း ဒေါ်မိုးမိုးအေးက ပြောသည်။

Dawei Watch