ထားဝယ်မြစ်ကို တူးပြီး ကျောက်စီနံရံလုပ်ရန် ဖြစ်နိုင်ချေ ရှိ/မရှိ လေ့လာဆန်းစစ်မည်ဟု အတိုင်ပင်ခံပုဂ်္ဂိုလ် ပြော

0
810

သဲသောင်များဖြင့် သောင်ထွန်းနေသည့် ထားဝယ်မြစ်ကိုတူးပြီး ကျောက်စီနံရံလုပ်ရန် ဖြစ်နိုင်ချေ ရှိ/မရှိကို သက်ဆိုင် ရာဌာနနှင့် တိုင်းအစိုးရတို့ မြေပြင်ကွင်းဆင်းဆောင်ရွက်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တိုင်းဒေသကြီးအစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ ပူးပေါင်းကာ မြေပြင် ကွင်းဆင်းလေ့လာပြီး ဖြစ်နိုင်ချေ ရှိ/ မရှိကို တင်ပြဆောင်ရွက်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၅ ရက်က ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

မြစ်ကြောင်းတူးပြီး ကျောက်စီနံရံ တည်ဆောက်၍ ရ/မရကို ပထ၀ီအနေအထား၊ နည်းပညာအနေအထားအရ မြေပြင်ကွင်းဆင်း တိုင်းတာပြီးမှသာ ပြောနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို မည်သည့်အချိန်တွင် စတင်လုပ်ဆောင် မည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

“လုပ်နိုင်ခြေရှိ မရှိကို ကြည့်ပါမယ်၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ဆက်ပြီးတော့ ဆောင်ရွက်ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထားဝယ်မြစ်အတွင်းရှိ သဲသောင်များ တူးဖော်မည့်ကိစ္စကို တနင်္သာရီတိုင်းအစိုးရက သဘောမတူကြောင်း ထားဝယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးအောင်စိန်က ပြောဆိုခဲ့ဖူးသည်။

ထားဝယ်မြစ်အတွင်း ထားဝယ်မြစ်ဝမှ ထားဝယ်ဆိပ်ကမ်းအထိ သဲနှုန်းသောင်များ တူးဖော်ပြီး ရေလမ်းကြောင်းကို အဆင့်မြှင့်ရန် ပြည်သူ့လွှတ်တော်တွင် မေးမြန်းသည့်အပေါ် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ၂၀၁၈ တွင်စာဖြင့် ဖြေကြားခဲ့ကြောင်း ဦးအောင်စိန်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ တယ်ဆိုတော့ မလုပ်ဘဲ မရတော့ဘူးလေ၊ တိုင်းအစိုးရက သဘောမတူဘူးလို့ လုပ်ထားတာကိုး”ဟု ဦးအောင်စိန်က ပြောသည်။

ကမ်းပါးထိန်းနံရံ မရှိဘဲ သောင်တူးခြင်းမှာ မဖြစ်နိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်း ဆန်းစစ်မှုအစီရင်ခံစာ (EIA/SIA) ခွင့်ပြုချက်များ ဆောင်ရွက်ရန် လိုအပ်ခြင်း၊ မြို့ဧရိယာနှင့် နီးကပ်စွာတည် ရှိခြင်း အစရှိသည့် အကြောင်းများကြောင့် တိုင်းအစိုးရက ခွင့်မပြုကြောင်း တိုင်းအစိုးရက ပြန်ကြားခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

ထားဝယ်မြစ်အတွင်း သောင်တူးဖော်ခြင်းကို တိုင်းအစိုးရက သဘောမတူကြောင်း သုံးကြိမ်တိုင်တိုင် ပြန်ကြားခဲ့ သည်ဟု ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားစာတွင် ဖော်ပြပါရှိသည်။

ထားဝယ်မြစ်အတွင်းရှိ သဲသောင်များကို ၂၀၁၄ ခုနှစ်က ကျော်ကျော်ဖြိုး ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ အကျိုးတူပူးပေါင်းကာ တူးဖော်ခဲ့သေးသည်။

Dawei Watch