ပရီ ၊ ရို ၊ ပရို တွေနဲ့ ဘွဲ့ကိုကြို

0
1367

မိသားစုဝင် တစ်ယောက်ယောက် ကျောင်းပြီး၍ ဘွဲ့ယူရတော့မည်ဆိုလျှင် တစ်မိသားစုလုံး ရင်တွေခုန်။ တချို့က မိသားစုဝင်များ သာမက အိမ်နီးချင်းများပါ ကျောင်းကို လိုက်ပါကြ။

ကျောင်းကို မသွားခင်တွင် မပျက်မကွက် ချီတက်ကြရသည့် နေရာက အလှပြင်ဆိုင်။

အလှပြင်ဆိုင်တွင် တန်းစီစောင့်ကြပြီးသည်နှင့် တက္ကသိုလ်သို့ ချီတက်ကြပါ မည်။ ဘွဲ့နှင်းသဘင် မရှိသည့်မြို့များဆိုလျှင် ဘွဲ့နှင်းအပ်မည့် မြို့တော်ခန်းမသို့ သွားကြမည်။

ဘွဲ့တက်ယူလျှင် ထိုခန်းမအတွင်း အသင့်ရှိနေသည့် ဓာတ်ပုံဆရာက “ဖျပ်” ခနဲ ရိုက်မည်။ ထိုသို့ရိုက်လျှင် ကိုယ့်မျက်နှာ ပေါ်လွင်စေရန် ပရိသတ်ကို ပြုံးပြသလိုလိုနှင့် ဓာတ်ပုံဆရာဘက် လှည့်ပြုံးမည်။

ဖလင်ခေတ်ကတော့ ဓာတ်ပုံဆရာက ထိုသို့ ပြုံးပြမည့်အချိန်ကို စောင့်ရိုက်မည်။ ယခုကဲ့သို့ ဖလင် မဆုံးတော့သည့် ဒီဂျစ်တယ်ခေတ်တွင်မူ တဖျပ်ဖျပ် ရိုက်မည်။

ဘွဲ့ယူပြီးလျှင် ဘွဲ့နှင်းသဘင်နောက်ခံ၊ ကုက္ကိုပင်တန်းနောက်ခံ၊ သစ်ပုတ်ပင် နောက်ခံ၊ တက်္ကသိုလ်မုခ်ဦးနောက်ခံ စသဖြင့် ဓာတ်ပုံဆရာများ ညွှန်ပြသည့် နေရာတွင် တစ်ယောက်ချင်းသော်လည်း ကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ဓာတ်ပုံရိုက်မည်။

ထိုသို့ရိုက်လျှင် ဖလင်ခေတ်ကဆို မျက်တောင်မခတ်ရ၊ မလှုပ်ရ။ ထွက်လာသမျှ ပုံအားလုံးနီးပါးက အသက်ပြင်းပြင်း မရှူရဲသည့် ပုံတောင့်တောင့်ကြီးများ။

ယခုကဲ့သို့ ဖလင်အတွက် ထည့်တွက်စရာ မလိုတော့သော ဒီဂျစ်တယ်ခေတ်တွင် မူ ထိုမျှ မဆိုးတော့။ သို့သော် ဓာတ်ပုံဆရာများက အများနှင့် ရိုက်နေရရာ ကိုယ်က အလိုက်ကန်းဆိုးမသိ ခဏခဏ ပြန်ရိုက် ခိုင်းနေ၍ မဖြစ်။

လူကြီးသူမ အတော်များများကတော့ ဓာတ်ပုံရိုက်လျှင် မလှုပ်ရ၊ မျက်တောင် မခတ်ရဆိုသည့် အစွဲ မပျောက်ကြသဖြင့် တောင့်တောင့်ကြီး ဖြစ်နေကြဆဲ။

တချို့က ကျောင်းထဲ ရိုက်ရသည်ကို အားမရ။ ဓာတ်ပုံဆိုင်များတွင် ပြေးရိုက်သည်။

၂၀၁၂ ခုနှစ်တွင် ကွန်ပြူတာဘွဲ့ရသည့် ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်သူ မဇူလိုင်ထွန်း ဘွဲ့ယူစဉ်ကမူ မြို့တော်ခန်းမတွင် ဘွဲ့ချီးမြှင့်ရာ ခန်းမထဲနှင့် ခန်းမအနီးအနားနှင့် ဓာတ်ပုံဆိုင်တွင် ရိုက်ဖြစ်ကြောင်း ပြောသည်။

“ဓာတ်ပုံရိုက်မယ်ဟေ့ဆိုရင်လည်း ဒီအတိုင်း ခပ်တည်တည်နဲ့ တည်ပြီး ရိုက်လိုက်တာပဲ။ ပိုစ့်ပေးတာတွေ မလုပ် ဖြစ်ဘူး။ လက်ညှိုးလေးနှစ်ချောင်းထောင်တာ ပါချင်တာပါ အဲလောက်ပဲရှိတယ် အဲဒီတုန်းကတော့လေ”ဟု မဇူလိုင်ထွန်းက ပြောသည်။

ဤဘက်ခေတ်တွင်မူ ကျောင်းထဲရှိ ဓာတ်ပုံဆရာများနှင့်လည်း ရိုက်မည်၊ မိမိတို့တွင် ရှိသည့် စမတ်ဖုန်းများ နှင့်လည်း တစ်ဝတစ်ပြဲ ရိုက်ကြမည်။

ထိုမှတစ်ဆင့် ယခုနှစ်ပိုင်းအတွင်း ပရီ(Pre)ဟု ခေါ်ကြသည့် ဘွဲ့ရဓာတ်ပုံ ကြိုရိုက်သူတို့ ရှိလာသည်။

ယခင်က လက်ထပ်မင်္ဂလာပွဲများ အတွက်သာဓာတ်ပုံကြိုရိုက်ကြရာမှ ယခု နှစ်ပိုင်းအတွင်း ဘွဲ့ရဓာတ်ပုံ ကြိုရိုက် လာကြခြင်း ဖြစ်သည်။ တချို့က ဘွဲ့ယူရန် တစ်ပတ်ခန့် လိုကတည်းက ဘွဲ့စုံများဖြင့် ဓာတ်ပုံရိုက်ကြသည်။

ထိုသို့ ကြိုရိုက်သူတို့သည် လူငယ် တို့ကြား ရို(Ro)ဟု ခေါ်ကြသည့် စိတ်ကူး ယဉ်ဆန်(Romantic)သော ပုံများကို အရိုက် များလာကြသည်။

အချို့က မြို့ပြင်၊ ပန်းခြံ၊ ကမ်းခြေ၊ တောင်ကုန်းတောင်စွယ် စသဖြင့် ရှုခင်း ကောင်းသည့်နေရာများတွင် လှလှပပ ရို (Ro)ကြသည်။

ပရီ(Pre)ခေါ် တစ်ပတ်ခန့်ကြိုတင် ကာ လှလှပပ စိတ်ကူးယဉ်ဆန် ရို(Ro) ရန် ငွေတော့ လိုပါသည်။

ပရို(Pro)ခေါ် အတတ်ပညာရှင် (Professional) ဓာတ်ပုံဆရာများ ငှားရမ်းရသောကြောင့် ဖြစ်သည်။

ထိုဓာတ်ပုံဆရာများကို ကြိုချိတ်ရ သည်။ ဓာတ်ပုံဆရာများနှင့် အကွက်အကွင်း ကောင်းများ ညှိနှိုင်းရွေးချယ်ရသည်။

အခုနောက်ပိုင်းတွင် ဘွဲ့ဝတ်စုံဖြင့် ချစ်သူစုံတွဲပုံများပါ ရိုက်လာကြကြောင်း ထားဝယ်မြို့မှ ဓာတ်ပုံဆရာ ကိုပိုက်ပိုက်ဇော်က ပြောသည်။

“တချို့ နမ်းနေတဲ့ ပုံတွေ တချို့ကျ ချီထားတဲ့ပုံတွေ အဲ့လို ရို(Ro) တဲ့ပုံတွေ လည်း အတော်များများက ရိုက်လာ ကြတယ်”ဟု ကိုပိုက်ပိုက်ဇော်က ပြောသည်။

တစ်ယောက်တည်းသမားများကမူ ဘွဲ့လက်မှတ်ကိုင် ရိုက်မည်။ ပန်းစည်း၊ အရုပ်ကလေးများကိုင်ပြီး ရိုက်ကြမည်။

ထိုသို့ ရိုက်လာသည်မှာ ထားဝယ် တွင် ၂၀၁၈ ခုနှစ်မှစ လူပိုသိလာကြောင်း ကိုပိုက်ပိုက်ဇော်က ပြောသည်။

 “Idea(အကြံအဉာဏ်)တွေက ဓာတ်ပုံဆရာတွေကပဲ ထွင်တာပေါ့၊ စုံတွဲ တွေဆိုလည်း အဲ့လိုရိုက်ဖို့ ငြင်းတာမျိုးတွေ မရှိဘူး၊ ကြည်ကြည်ဖြူဖြူပဲ ရိုက်ကြတယ်၊ တချို့လည်း ဆိုရှယ်မီဒီယာအပေါ် ပြန် တင်တာမျိုးရှိတယ်။ တချို့လည်း ရှက်တော့ ဖုန်းထဲမှာပဲ အမှတ်တရပြန်ကြည့်ကြ တယ်”ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် ထားဝယ်တက္ကသိုလ်တွင် မြန်မာစာဖြင့် ဘွဲ့ယူခဲ့သည့် ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်သူ မဖြူဇင်စိုးတို့ သူငယ်ချင်းတစ်စုသည်လည်း ပရိုအားကိုးဖြင့် ဘွဲ့မယူခင်ကြို ရိုက်ခဲ့သည်ဟု ဆိုသည်။

မိန်းကလေး ၄ ဦး ယောကျ်ားလေး သူငယ်ချင်းတစ်ဦး ငွေ ၃ သောင်းစီစုကာ ပရိုဓာတ်ပုံဆရာတစ်ဦးကို တစ်သိန်းခွဲ ဖြင့် ငှားခဲ့ကြသည်။

သူငယ်ချင်းများစုပြီး ဘွဲ့ဦးထုပ် အပေါ်ပစ်တင်သည့်ပုံ၊ မိန်းကလေး လေးယောက်အလယ် ယောက်ကျ်ားလေး တစ်ယောက်ထားပြီး ဝိုင်းစနောက်နေသည့်ပုံ၊ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေသည့်ပုံ စသဖြင့် ရိုက် ကြသည်။

လေယာဉ်ကွင်းလမ်း၊ ယင်းလမ်းအနီးက ပန်းခြံလေးတွင်၊ တက္ကသိုလ်တွင် ရိုက်ကြသည်။ တစ်ယောက်ကို ပုံငါးဆယ် ခန့်စီ ရိုကြသည်။

“ဘဝမှ အမှတ်တရ တစ်ခုပဲလေ။ နောက်ဆို ဒီလို ဘွဲ့ဝတ်စုံလေးနဲ့ သူငယ်ချင်း တွေစုပြီး ဓာတ်ပုံတွေ ရိုက်ချင်လို့ မရိုက်ဖြစ်တော့ဘူးလေ။ နောက်ဆို သူငယ်ချင်းတွေက သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်သွားကြပြီလေ”ဟု မဖြူဇင်စိုးက ပြောသည်။

မြိတ်တွင်ကား ကမ်းနားလမ်း၊ သင်္ဘောဆိပ်တို့အပြင် Speed Boat၊ ရေဆိုင်ကယ် စသည်တို့ ဖြင့်ပါ ရိုက်ကြ သည်။

မည်သို့ ရိုက်ကြမည်ကို နှစ်ဦးနှစ်ဘက် တိုင်ပင်ညှိနှိုင်းကြသည်။

“ဓာတ်ပုံရိုက်တဲ့နေရာမှာလည်း တစ်နှစ်ထက် တစ်နှစ် ဆန်းသစ်တီထွင် လာတာတွေ ရှိတာပေါ့။ ဓာတ်ပုံဆရာ တွေမှာကလည်းပဲ ဒီအိုင်ဒီယာကြီးပဲ သွားနေလို့ မရဘူးလေ။ ကျောင်းသားတွေ ကို အကောင်းဆုံး ရသတွေပေးဖို့အတွက် အပြိုင်အဆိုင် ရိုက်ကြတယ်”မြိတ်ဒေသခံ ဓာတ်ပုံဆရာကိုစူပါက ပြောသည်။

တနင်္သာရီသတင်းအဖွဲ့