ဦးဆောင်သူ သီလပျက်သည့်အခါ “အယ်ဒီတာအာဘော်”

0
879

လူအဖွဲ့အစည်းအတွင်းတွင် ကြုံရသည့် သီလပျက်မှုများတွင် ဦးဆောင်ဦးရွက် ပြုသူများ၏ သီလပျက်မှုသည် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု အင်မတန် ကြီးလှပေသည်။

အခြားကြောင့် မဟုတ်ပေ။ ဦးဆောင်သူများသည် တစ်ဦးထက်ပိုသော သူများကို ကိုယ်စားပြုရသောကြောင့် ဖြစ်သည်။

မိဘများသည် မိသားစုကို ကိုယ်စားပြုရသည်။ ဦးစီး ဦးဆောင် ပြုရသည်။

ဆရာဆရာမများသည် ကျောင်းကို ကိုယ်စားပြုရသည်။ ဦးစီးဦးဆောင် ပြုရ သည်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်သူ ရပ်ကွက်သား၊ ရွာသူရွာသားများကို ကိုယ်စားပြုသည်။

တိုင်းဝန်ကြီးချုပ်သည် တိုင်းတစ်တိုင်းလုံးကို ကိုယ်စားပြုရသည်။

နိုင်ငံတော် သမ္မတသည် နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုရသည်။

မိမိယူထားသည့် တာဝန်၊ ဦးစီးဦးဆောင် ပြုရမှုကြီးမားသည်နှင့်အမျှ မိမိ၏ သီလပျက်မှုကြောင့် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ပိုပြီးကြီးမားမည် ဖြစ်သည်။

သာမန်ပြည်သူတစ်ဦး၏ သီလပျက်မှုထက် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး၏ သီလပျက်မှုက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ကြီးမည်ဖြစ်သည်။

ထို့အတူပင် ကျေးရွာအုပ်ချုပ်ရေးမှူးထက် တိုင်းဝန်ကြီးချုပ်၊ တိုင်းဝန်ကြီးချုပ် ထက် သမ်္မတ၏ သီလပျက်မှုက လူအဖွဲ့အစည်းအပေါ်ထိခိုက်မှု ပိုများပါမည်။

တန်ပြန် ဒဏ်ခတ်ခံရမှုလည်း ပိုပြင်းပါသည်။

အများကို ကိုယ်စားပြုထားရသည့် ခေါင်းဆောင်များအနေဖြင့် မိမိ၏ သီလ ခိုင်ကျည်မှုသည် မိမိတစ်ဦးတည်းအတွက်သာမက မိမိကိုယ်စားပြုထားသည့်သူများ အပေါ်လည်း အကျိုးဖြစ်စေမည်ကို အလေးအနက် နှလုံးသွင်း ကျင့်ကြံစေချင်ပါ သည်။

 

             အယ်ဒီတာ (ဖေဖော်ဝါရီ ၉၊ ၂၀၁၉)