ကိုယ်ထူကိုယ်ထအမှိုက်သိမ်းနေရသည့်ကိစ္စ ရှက်စရာဖြစ်ကြောင်း ဝေဖန်

0
833

မြိတ်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးမှ ရပ်ကွက်ပိုင်ကားများ ၀ယ်ယူ၍ ပြည်သူကိုယ်တိုင် ကိုယ်ထူကိုယ်ထအမှိုက် သိမ်းနေရသည့်ကိစ္စသည် ရှက်စရာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေး နှင့် လူမှုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က ဝေဖန်လိုက်သည်။
ဇန်န၀ါရီလ ၃၀ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကျင်းပသည့် အခွန်ကောက်ခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့လုပ်ဆောင်မှုများ လူထုချပြရှင်းလင်းပွဲတွင် ဦးလှမော်က အထက်ပါအတိုင်း ဝေဖန်လိုက်ခြင်းဖြစ်သည်။
“မြို့သူမြို့သားများဟာ မိမိရဲ့ကိုယ် ပိုင်အမှိုက်ယာဉ်ထောင်ပြီး မိမိဘာသာ မိမိအမှိုက်ကျုံးပြီး မိမိဘာသာမိမိ ပိုက်ဆံပေးနေရတာဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို သွားလေ့လာလိုက်။ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်နေပါတယ်” ဟု ဦးလှမော်က ပြောသည်။
ယခင်က မြိတ်မြို့ရပ်ကွက်အသီးသီး မှ ထွက်ရှိသည့် အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့က သိမ်းယူနေသည့် စနစ်သည်အလုပ်မဖြစ်သည့်အတွက် ပြီး ခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ရပ်ကွက် အမှိုက်သိမ်းကော်မတီဖွဲ့၍ ကားများကို ၀ယ်ယူကာ ရပ်ကွက်အလိုက် အမှိုက်သိမ်းဆည်းနေကြခြင်းအပေါ် ဦးလှမော်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

မြို့ပေါ်ရှိနေအိမ်တစ်အိမ်သည် တစ်လလျှင် ၂၀၀၀ ကျပ်မှ တစ်သောင်း ကျပ်ဝန်းကျင်အထိ ရပ်ကွက်အမှိုက်သိမ်း ကော်မတီကိုလစဉ် ပေးဆောင်နေရပြီး ကိုယ်ပိုင်အမှိုက်သိမ်းယာဉ် စနစ်ပပျောက်အောင် စည်ပင်ကော်မတီအနေဖြင့် ရေရှည်စီမံကိန်းရေးဆွဲသင့်ကြောင်း ဦးလှမော် က ထောက်ပြသည်။
ဦးလှမော်၏ ဝေဖန်ပြောဆိုမှုနှင့် ပတ်သက်ပြီး မြိတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက အစိုးရအနေဖြင့် ဒေသအတွက် တိုက်ရိုက် အမှိုက်သိမ်းနိုင်သည့်စနစ်ကို ရေရှည် ၌ လုပ်ကိုလုပ်မှရမည်ဆိုသည်ကို သိသော်လည်း အမှိုက်ကိစ္စနှင့်ပတ်သက်ပြီး မြေယာ၊ ငွေကြေး စသည့်အခက်အခဲ များစွာရှိသည်ဟု ဆိုသည်။
“ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့အနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့ ကိုလည်းပဲ ကိုယ်တိုင်လုပ်နိုင်အောင်တော့ တင်ပြသွားဖို့ပဲ ရှိတယ်”ဟု ဦးမြတ်ကိုကိုက တုံ့ပြန်ပြောဆိုခဲ့သည်။
မြိတ်တွင် တစ်မြို့လုံးက ထွက်ရှိသည့် အမှိုက်အားလုံး သိမ်းဆည်းနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့တွင် အမှိုက်ကား လုံလောက်မှုမရှိခြင်းကြောင့် ရပ်ကွက် အမှိုက်သိမ်းကော်မတီများဖွဲ့ကာ လုပ်ငန်း ရှင်တစ်ဦးဦး၏ အလှူငွေ တစ်ဝက်နှင့် ကျန်တစ်ဝက်ကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူ ကာ အမှိုက်သိမ်းခဲ့ကြကြောင်း မြို့နယ် စည်ပင်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးအချို့ထံမှ သိရသည်။
စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရပ်ကွက်အလိုက်အမှိုက်သိမ်းယာဉ်များ စတင်သည့်အချိန်မှစ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ၆ လတစ်ကြိမ် ပေးသွင်းနေရသည့် အမှိုက်နှင့်အညစ် အကြေးအခွန် ကောက်ခံခြင်းမပြုတော့ကြောင်း ဦးမြတ်ကိုကို ဆိုသည်။
လက်ရှိမြိတ်မြို့ပေါ်ရပ်ကွက် ၁၄ ခု ၌ ရပ်ကွက်ပိုင် အမှိုက်သိမ်းကား ၁၇ စီးနှင့် ဈေးများတွက် လိုက်လံသိမ်းဆည်းနေသည့် စည်ပင်ပိုင်အမှိုက်ကား ၄ စီးရှိ ကြောင်း ၎င်းက ဆိုသည်။
“အရင်ကနဲ့စာရင်တော့ မြို့ကအရမ်း သန့်ရှင်းသွားတယ်ဆိုပေမယ့် ဒီဟာကိုတော့ အစိုးရဌာနကပဲ ကိုင်တွယ်သင့်တယ်လို့ ထင်ပါတယ်” ဟု မြို့သစ်ရပ်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ရပ်ကွက်အမှိုက်သိမ်းကော်မတီမှ ၂၀၁၆ ခုနှစ်တွင် လစဉ်တစ်အိမ်လျှင် ကျပ် ၁ ထောင်နှုန်းကောက်ခံနေရာမှ အရှုံးပေါ်သည်ဟုဆိုကာ ၂၀၁၈ ဇွန်လမှ စတင်၍ တစ်အိမ်လျှင် တစ်ထောင်ကျပ်ထပ်မံ တိုးကောက်လိုက်ခြင်းကြောင့် မြို့ခံများအကြား ဝေဖန်မှုများရှိခဲ့ဖူးသည်။

 

ကိုဆန်