မြိတ်တောင်စာသင်ကျောင်း မလုံလောက်သောကြောင့် အချိန်သုံးသုတ်ခွဲ သင်ကြားခဲ့ရ

0
506

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာတွင် ကျောင်းသားဦးရေများပြားပြီး စာသင်ကျောင်းလုံလောက်မှုမရှိသည့်အတွက် လက်ရှိပညာသင်နှစ်တွင် အချိန်သုံးသုတ် ခွဲကာ သင်ကြားခဲ့ရကြောင်း ကျောင်းကော်မတီများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
မြိတ်တောင်ကျေးရွာတွင် အင်းလေးကမ်းမူလတန်းကျောင်း၊ ဘုတ်ချောင်း မူလတန်းကျောင်းနှင့် အောင်မင်္ဂလာတွဲ ဘက်အထက်တန်းကျောင်း စုစုပေါင်း ၃ ကျောင်းသာရှိပြီး ကျောင်းဆောင်လုံလောက် မှုမရှိသည့်အတွက် အချိန်ခွဲသင်ကြားခဲ့ရကြောင်း ၎င်းတို့က ပြောသည်။
ကျောင်းဆောင်လုံလောက်မှုမရှိခြင်းကြောင့် နံနက် ၇ နာရီမှ မွန်းလွဲ ၁၂ နာရီ အထိ တစ်သုတ်၊ မွန်းလွဲ ၁၂ နာရီမှ ညနေ ၅ နာရီအထိ တစ်သုတ်နှင့် နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိတစ်သုတ် စသဖြင့် အသုတ်များခွဲကာ သင်ကြားခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။
၎င်းအပြင် အချို့ကျောင်းသားများမှာလည်း အခြားရပ်ကွက်များရှိ ကျောင်းများတွင် သွားရောက်ပညာသင်ယူနေရသဖြင့် ကျောင်းသားများနှင့် မိဘများမှာလည်း အခက်ကြုံခဲ့ရကြောင်း မြိတ်တောင်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြိတ်တောင်ကျေးရွာရှိ လူဦးရေသိပ်သည်းထူထပ်သည့် အင်းလေးမြိုင်ရပ်ကွက်နှင့်ချမ်းမြေ့သာယာရပ်ကွက်အနီးတွင် အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် မြေ ၁၇ ဧကအတွင်း ကိုယ်ထူကိုယ်ထမူလတန်းကျောင်း ဆောက်လုပ်ရန် မြေ ၁ ဒဿမ ၁၄ ဧကကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ်ကတည်းက ချပေးခဲ့ပြီး ဖြစ်သည်။
သို့သော်ယင်းချပေးမြေမှာ နောင်လာမည့်ကာလအတွက် အထက်တန်းကျောင်းတစ်ခု ဆောက်လုပ်ရန် မလုံလောက်သဖြင့် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းကော်မတီ များမှ ကျောင်းအတွက်နောက်ထပ် ၃ ဧက အထိတိုးမြှင့်ချထားပေးပါရန် ၂၀၁၈ ဇူလိုင်လမှစတင်ကာ မြိတ်မြို့နယ်ရှိ ပြည် သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ရှိ ကိုယ်စား လှယ်များထံသို့ တင်ပြတောင်းဆိုခဲ့ကြသည်။
၎င်းင်းအပြင် ၂၀၁၈ ဒီဇင်ဘာလ အတွင်း တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ မြိတ်မြို့သို့ ရောက်ရှိချိန်တွင်လည်း ထပ်မံတင်ပြတောင်းဆိုခဲ့ကြကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်သိန်းက ပြောပြသည်။
“၀န်ကြီးချုပ်ကို စာတင်ထားတယ် လာမယ့်ပညာသင်နှစ်အတွင်းချပေးနိုင် မယ်ဆိုရင်တော့ ပညာရေးဌာနနဲ့ညှိနှိုင်း ပြီး ကျောင်းဖွင့်နိုင်အောင်ဆောင်ရွက်သွား မယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ချပေးထားသည့် မြေ ၁ ဒသမ ၁၄ ဧကပေါ်၌ ရပ်ကွက်နေ ပြည်သူများ၏ ထည့်ဝင်သည့် အလှူငွေ ဖြင့် မြေဖို့ ပြီး အလျား ၁၃၀ ပေနှင့် အနံ ၃၀ ပေရှိ ကိုယ်ထူကိုယ်ထမူလတန်း ယာယီကျောင်း တစ်ဆောင်အား ဆောက်လုပ်ထားပြီး ခြောက်ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးကျော်သိန်းက ဆိုသည်။

 

ကိုဆန်း