မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းသည့် ဘောလုံးပွဲ ထားဝယ်တွင် မကျင်းပဖြစ်

0
679

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာဘီယာ ကုမ္ပဏီတို့ပူးပေါင်းပြီး ထားဝယ်မြို့တွင် ကျင်းပရန် ကမ်းလှမ်းထားသည့် အသက် ၂၅ နှစ်အောက် ဘောလုံးပြိုင်ပွဲ မကျင်းပဖြစ်တော့ကြောင်း ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ထားဝယ်မြို့တွင် ကျင်းပရန် ကမ်းလှမ်းထားသည့် ယင်းဘောလုံးပြိုင်ပွဲကို ပခုက္ကူ မြို့တွင် ပြောင်းရွှေ့ကျင်းပတော့မည်ဟု မြန်မာဘီယာကုမ်္ပဏီတာဝန်ရှိသူမှ ဖေဖော်ဝါရီလ ၂ ရက်တွင် ဖုန်းဆက် အကြောင်းကြားလာကြောင်း ထားဝယ်မြို့ နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကြည်ရှိန် က ပြောသည်။
ယခင်က ယင်းဘောလုံးပြိုင်ပွဲကို မြန်မာဘီယာကုမ္ပဏီတာဝန်ရှိသူနှင့် တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ ချုပ်တို့ တိုင်ပင်ပြီး ဧပြီလတွင် ကျင်းပရန် စီစဉ်ထားကြောင်း ဦးကြည်ရှိန်က ပြောသည်။

တိုင်းအတွင်းရှိ မြို့နယ်များကိုလည်း ယင်းပြိုင်ပွဲ ၀င်ပြိုင်ရန် အကြောင်းကြားထား ပြီးဖြစ်ကြောင်း ဦးကြည်ရှိန်က ပြောသည်။
“ကွင်းတွေဘာတွေကအစ အားလုံး စီစဉ်ထားပြီးပြီ။ ဒါပေမဲ့ သူတို့ဘက်က မသေချာဘဲဖြစ်သွားတော့ ပြန်ပြီးတော့ ရုတ်သိမ်းလိုက်ရတယ်။ ထားဝယ်မြို့ အတွက် နစ်နာသွားတာပေါ့”ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ပွဲပျက်သွားသည့်ကိစ္စကို လာရောက်ကမ်းလှမ်းခဲ့သည့် မြန်မာဘီယာကုမ္ပဏီဘက်က အသေးစိတ် မရှင်းပြကြောင်း ၎င်းက ပြောသည်။
ယခုနှစ်တွင် မြန်မာဘီယာ ကုမ္ပဏီ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က We Are One Cup (အားလုံးနှင့်ဆိုင်သောဖလား) အမည်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ ၈ မြို့တွင်ကျင်းပရန် စီစဉ်နေသည်။

 

ကျော်သူစိုး