သထုံတွင် Sodium Cyanide အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိ

0
675

မွန်ပြည်နယ် သထုံမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် တွင် Sodium Cyanide (ထိန်းချုပ် ဓာတုပစ္စည်း) အလေးချိန် ကီလို ၂၀၀၀ ခန့် ဖမ်းဆီးရမိသည်ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
Sodium Cyanide သည် ပတ်ဝန်းကျင်အား အဆိပ်သင့်စေတတ်သည့်အတွက် သက်ဆိုင်ရာဌာနများ၏ စိစစ် ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရှိသည့် ဓာတုပစ္စည်း ဖြစ်သည်။
ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့ှ်Sodium Cyanideကို လက်ဝတ် ရတနာများ ပြုရာတွင်လည်းကောင်း၊ ရွှေ၊ ကြေးသတ္တုများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ သွပ်ရည်စိမ်လုပ်ငန်းများတွင် စက္ကူချည်မျှင်နှင့် အထည်လုပ်ငန်းများ ပလတ်စတစ်လုပ်ငန်းများတွင်လည်းကောင်း အသုံးပြုလေ့ရှိသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၅ ရက်က အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့နှင့် ပြည်တွင်း အခွန်ဦးစီးဌာနတို့ ပါဝင်သည့် တရားမ၀င်ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအဖွဲ့သည် သထုံမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ် တွင် မော်တော်ယာဉ်များအား စစ်ဆေး ဆောင်ရွက်နေစဉ် မြ၀တီမှ ရန်ကုန်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး တွင် Sodium Cyanide အိတ် ၄၀ အိတ် ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

“အဖွဲ့စုံနဲ့ ကားတွေကိုတားပြီး စစ်ဆေးနေချိန်မှာ ယာဉ်တစ်စီးမှာ Sodium Cyanide လို့ ယူဆရတဲ့ ပစ္စည်းတွေ တွေ့လို့ အတည်ပြုနေတဲ့အချိန်မှာ ကားက မောင်းပြေးသွားတယ်၊ လိုက်ဖမ်းတော့ လမ်းတစ်နေရာမှာ အိတ်တွေကို ပစ်ချထားခဲ့တယ်၊ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ပါ ဖမ်းဆီးရမိထားတယ်”ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်က ပြောသည်။
သိမ်းဆည်းရမိသည့် Sodium Cyanide အိတ်များသည် တစ်အိတ်လျှင် ၅၀ ကီလိုခန့်ရှိပြီး ခန့်မှန်းတန်ဖိုး တစ်အိတ်လျှင် ကျပ် ၃ သိန်း စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ဖမ်းဆီရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Sodium Cyanideများ သယ်ဆောင်လာသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ကို သထုံမြို့ မရဲစခန်းတွင် (ပ) ၄၉၅/ ၂၀၁၉ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်ဟု ရဲမှူးစိုးအောင်က ပြောသည်။

 

Dawei Watch