ကော့သောင်း ငါးဖမ်းစက်လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်ဆောင်သည့်စနစ် စတင်ကျင့်သုံး

0
1001

ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်သို့ ထွက်ခွာမည့် ငါးဖမ်းငါးသယ်စက် လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်များ ထားသည့် စနစ်ကို စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီဌာနထံမှ သိရသည်။
ပင်လယ်ပြင်အတွင်း ပလပ်စတစ်အိတ်၊ ပလပ်စတစ်ဗူးခွံ၊ ကြိုး၊ ပိုက်တို ပိုက်စ၊ ပိုက်အပြတ်များ၊ ဖော့ဘူးများ စသည့် ရေထဲတွင် အချိန်ကြာမြင့်စွာ မပျက်စီးနိုင်သည့် အမိုက်များစသည့် အမှိုက်များအလွယ်တကူ မပစ်ရန်နှင့် ယင်းအမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်ပြီး လှေပိုင်ရှင်၊ ပဲ့နင်းနှင့် ရေလုပ်သားများအား အသိပညာပေး ဟောပြောနေကြောင်း ခရိုင်ငါးလုပ် ငန်းဦးစီးမှူး ဦးသန့်ဇင် က ဆိုသည်။
တကယ်လိုက်နာ ကျင့်သုံးမှု ရှိ/မရှိ ကို လှေပြန်ဝင်လာသည့်အချိန်တွင် အမှိုက်အိတ်များကို ပြခိုင်းပြီး စစ်ဆေးမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

“အမြဲ လုပ်ဖြစ်သွားမှာပါ၊ လှေအ၀င်အထွက် သတင်းပို့လာတဲ့ လှေတွေကို တခါတည်းစစ်ဆေးမှာဆိုတော့သီးခြား စစ်ဆေးစရာ မလိုဘူး။ ဒါကြောင့် ရေရှည် လုပ်ဖြစ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပင်လယ်ပြင်သို့ ယင်းကဲ့သို့သော အမှိုက်များ စွန့်ပစ်မှုတွေကြောင့် ရေနေသတ္တ၀ါများ ဒုက္ခရောက်နေသည့်ပုံများ ဂေဟစနစ် တဖြည်းဖြည်းပျက်စီးနေသည်များကို မှတ်တမ်းဓာတ်ပုံများပြသကာ ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်း ဖြစ်သည်။
“အရင်ကတော့ အလွယ်တကူပဲ ရေထဲအမှိုက်ပစ်တာပေါ့၊ ရေနေသတ္တ၀ါတွေ အမှိုက်ကြောင့် ဒုက္ခရောက်နေတဲ့ ပုံတွေကြည့်ပြီး ငါးဦးစီးဌာနက ပေးတဲ့ ပညာပေးကို လက်ခံကျင့်သုံးသွားမှာပါ”ဟု ကင်းမွန်ငါးဖမ်းလှေပဲ့နင်းတစ်ဦး ဖြစ်သည့် ဦးကြည်သိန်းက ဆိုသည်။
ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဖေဖော်ဝါရီ ၆ရက်မှစ၍ ယခုကဲ့သို့ စနစ်တကျ အမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောမှုများ ကိုပြုလုပ်နေပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းစက်လှေတိုင်းကို အမှိုက်ပုံးအမှိုက်အိတ်များ အသုံးပြုရန် ညွှန်ကြားသွားမည်ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီဌာနက ဆိုသည်။

 

မိုးအိ