မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည်

0
1288

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့် သံလွင်ဈေး ငါးဒိုင်များကို ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ပြောင်းရွှေ့သွားမည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောသည်။
သံလွင်ဈေးငါးဒိုင်များမှ ထွက်သည့် ငါးညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေ ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည်။
ထို့အပြင် ငါးပုံးတင် ဆယ့်နှစ်ဘီး တပ် ကုန်ကားကြီးများ ၂၄ နာရီ ၀င်ထွက် သွားလာနေသဖြင့် လမ်းတစ်လျှောက် ငါး အနံ့များ ပိုထွက်လာကာ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်စေနိုင်သောကြောင့် ရပ်ကွက်နေပြည်သူတို့က အဆိုပါ ငါးဈေးကို ပြောင်း ရွှေ့ပေးရန် ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုတိုင်ကြားလာခဲ့ကြသည့် အတွက် ပြည်နယ်အစိုးရက ပြောင်းရွှေ့ရန် စီစဉ်ရခြင်း ဖြစ်သည်။
ငါးဒိုင်များကို မော်လမြိုင်မြို့ မုပွန် ရပ်ကွက် ကျောက်မီးသွေးရုံနေရာရှိ ယခင် မီးရထားဌာနပိုင်မြေနေရာတွင် အသစ်တည်ဆောက် ထားသည့်ဈေးတွင် နေရာချပေး သွားမည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
“ဆိုင်ခန်းခတွေကို မသတ်မှတ်ရသေး ဘူး၊ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက် ပြောင်းရွှေ့ဖို့တော့ စီစဉ်ထားတယ်”ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက ပြောသည်။

ဈေးအသစ်တွင် ငါးဒိုင်များအတွက် ဆိုင်ခန်း ၂၂ ခန်း၊ ကြက်ဒိုင်များအတွက် ဆိုင်ခန်း ၈ ခန်း၊ အခြား အသားနှင့် ဟင်းသီး ဟင်းရွက်များအတွက် ဆိုင်ခန်း ၃၆ ခန်း ကို ရေးမီးအစုံအလင်ဖြင့် ဆောင်ရွက်ထား သည်ဟုလည်း ဦးမြင့်သိန်းက ပြောသည်။
“ဒီနေရာ(သံလွင်ဈေး)မှာက ရောင်းလာတာ ကြာပြီဆိုတော့ အတည်တကျ ဖြစ်နေပြီလေ။ ပြီးတော့ ဒီနေရာက အချက်အချာကျတဲ့ နေရာလည်းဖြစ်တော့ အရောင်းအ၀ယ်လည်း အဆင်ပြေတယ်၊ အခု ပြောင်းရမယ့်နေရာတော့ ဘယ်လိုလာမလဲ မသိဘူး၊ အဆင်ပြေချင်မှလည်း ပြေမှာ၊ ဒါပေမယ့် ပြောင်းဆိုတော့လည်း ပြောင်းရတာပဲ”ဟု သံလွင်ဈေးရှိ ငါးအ၀ယ်တစ်ဦးက ပြောသည်။
သံလွင်ငါးဈေး ပြောင်းရွှေ့ တည်ဆောက် ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်ဖြင့် ဘဏ္ဍာငွေ ကျပ် ၅၈၅ သန်းဖြင့် တည်ဆောက်ခဲ့သည်။
ပြည်နယ်အစိုးရအနေဖြင့် သံလွင် ငါးဈေးကို အစောပိုင်းက ကျောက်တန်း စက်မှုဇုန်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း မြေနေရာအခက်အခဲကြောင့် မုပွန်ရပ်ကွက် ကျောက်မီးသွေးရုံနေရာရှိ ယခင် မီးရထားဌာနပိုင် မြေနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သံလွင်ဈေးသည် ၁၉၈၉ ခုနှစ်က ကုန်ခြောက်မျိုးစုံ ရောင်းချရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၆ ပေ ပတ်လည် ဆိုင်ခန်းများ ပြုလုပ်ကာ ဈေးစတင် ရောင်းချခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ၆ ပေပတ်လည်ဆိုင်ခန်းများကို ဖျက်ပြီး ငါးဒိုင်ဈေးအဖြစ် ယနေ့ထိ ပြောင်း လဲအသုံးပြုခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငါးအ၀ယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနတွင် တရားဝင်လိုင်စင်ဖြင့် ပြည်တွင်း ငါးရောင်းဝယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသည်။

 

ယဉ်စနိုင်း