မြိတ်တွင် နို့စားနွား မွေးမြူရေးလုပ်ငန်း တွင်ကျယ်လာ

0
2092

မြိတ်မြို့နယ်၌ နို့စားနွားမွေးမြူရေးလုပ်ငန်း တွင်ကျယ်လာကြောင်း မြိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
မြိတ်မြို့နယ်အတွင်း ယခင်က မိသားစု တစ်နိုင်တစ်ပိုင် နို့စားနွား မွေးမြူခဲ့ကြရာမှ ၅ နှစ်အတွင်း လုပ်ငန်းတွင်ကျယ်လာကြောင်း အထက်ပါ ဌာနမှ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးထံမှ သိရသည်။
၂၀၁၄ ခုနှစ်ဝန်းကျင်၌ မြိတ်မြို့နယ်အတွင်း နို့စားနွားအကောင်ရေ ၃၀၀ ၀န်းကျင်ရှိရာမှ ၂၀၁၈ ခုနှစ်တွင် အကောင် ရေ ၅၄၅ ကောင်အထိ တိုးလာကာ စီးပွားဖြစ် နို့စားနွားမွေးမြူရေးခြံ အကြီးအသေး ၂၈ ခြံအထိ ရှိလာကြောင်း ၎င်းက ပြောသည်။
“တစ်နှစ်ကို အကောင်ရေ ၅၀ ကျော် လောက်တိုးလာသလို နို့စားနွား မွေးသူ တွေလည်း အရင်ထက် ပိုများလာတယ်”ဟု ဒေါက်တာ ၀င်းဇော်ဦးက ပြောသည်။
နို့စားနွားမများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တပ်ကုန်းဘက်မှ တစ်ကောင်လျှင်ကျပ် ၈ သိန်းခွဲမှ ၂၅ သိန်း အထိ ပေးကာဝယ်ယူရကြောင်း သိရသည်။
ဒေသတွင်း မြက်ရှားပါး လာမှုကြောင့် ဖွဲနု၊ ဆန်ကွဲ၊ နှမ်းဖတ်၊ ပဲကြီးစေ့ အနှစ် အခွံ၊ ၀ါစေ့ဖတ်စသည့် နွားစာများအား ရန်ကုန်မှ ၀ယ်ယူ ကျွေးမွေးနေရကြောင်း တောင်ပြိုရပ်ကွက်မှ နွားမွေးမြူရေး ခြံပိုင်ရှင် ဦးသိန်းလွင်က ပြောသည်။

“နွားကို ဒီထက် ပိုမွေးချင်ပေမယ့် မျိုးဆက်ပြန့်ပွားရေးအတွက်က နေရာအခက်အခဲ ရှိတယ်”ဟု ၎င်းက ပြောသည်။
နို့စား နွားမွေးမြူရေးလုပ်ငန်းတွင် မျိုးဆက်ပြန့်ပွားရေးပါတွဲပြီး လုပ်နိုင် မည်ဆိုလျှင်တစ်ခြားမြို့များတွင် သွားရောက်ဝယ်ယူ နေရသည် ကုန်ကျစရိတ်များ သက်သာကာ တစ်နိုင်တစ်ပိုင် မွေးမြူရေးသမားများ ပိုမိုအဆင်ပြေလာနိုင်မည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်မှစကာ နွားစားကျက်များ လျော့ပါးလာကာ ယခုအခါ မြေယာဈေး နှုန်းများလည်း အဆမတန် မြင့်တက် လာမှုကတစ်နိုင်တစ်ပိုင် မွေးမြူရေးနှင့် စိုက်ပျိုးရေးသမားများအတွက် အဓိက စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနေကြောင်း နွားမွေးမြူရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
လုံလောက်သည့် ခြံနေရာနှင့် နွားစားရန် ကုန်ကြမ်းများ အခက်အခဲမရှိ လျှင် ဒေသခံများအနေဖြင့် နို့စားနွား မွေးမြူရေးနှင့် မျိုးဆက်ပြန့်ပွားရေး လုပ် ငန်းများကို ထိုထက်မက ပိုမိုလုပ်ကိုင်လာ နိုင်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းဇော်ဦးက မှတ်ချက်ပေးသည်။
“နွားတွေမှာက ရောဂါနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး၊ ရှိတဲ့ ပြဿနာက လွှတ်ကျောင်းဖို့ နေရာနဲ့ ကုန်ကြမ်း ရှားပါးမှုပဲ”ဟု ၎င်းက ပြောသည်။
လက်ရှိ မြိတ်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် မွေးမြူကြသည့် နို့စားနွားမွေးမြူရေး ခြံပေါင်း ၂၈ ခြံရှိပြီး ခြံလေး ပုံတစ်ပုံ၌ နွားနို့ညှစ်ရာတွင် သမရိုးကျ လက်ဖြင့် ညှစ်ယူခြင်း မပြုကြတော့ဘဲ စက်ဖြင့် အသုံးပြုကာ နို့များကို ညှစ်ယူပြီး ဈေးကွက်အတွင်းရောင်းချ လျက်ရှိကြောင်း နို့စား နွားမွေးမြူသူများနှင့် မြိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

 

Dawei Watch