တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့် ရက်ထပ်ရွှေ့ ပြန်

0
772

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု အပြီးသတ်အမိန့်ချမည့် ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ပြန်သည်။
အဆိုပါ အမှုကို အပြီးသတ်အမိန့်ချ ရန် ဇန်န၀ါရီလ ၂၄ ရက်က ပထမဆုံးအကြိမ် ချိန်းဆိုထားခဲ့သော်လည်း အမိန့် ချမည့် ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့်က နေပြည်တော်တွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတက်နေသည့် အတွက် ဖေဖော်ဝါရီလ ၇ ရက်ကို ပြန်ချိန်းဆိုထားခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက် ရုံးချိန်းတွင်မူ အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ ဖေဖော်ဝါရီလ ၁၈ ရက်ကို ထပ်မံ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့မှာလည်းပဲ ဒီအမှုကို အပြီးသတ်အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးတာကြောင့်မို့လို့ ပြောင်းလဲချိန်းဆိုခဲ့ပါတယ်”ဟု  မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။
တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန်အတွက် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေး မှူးက ထားဝယ်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုတွင် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ထားသည်။
အဆိုပါ ဥပဒေအရ တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချမှတ်မည်ဆိုပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်း အထိချမှတ်ခံရမည် ဖြစ်သည်။
“နည်းနည်းတော့ ကသီတာပေါ့နော်၊ ရုံးချိန်းတစ်ချိန်းပြီး တစ်ချိန်းလာရတယ်၊ အဲဒီဟာအတွက် ပြင်ဆင်ရတဲ့ဟာ စိတ်ထဲမှာ ထည့်ထားရတဲ့ဟာတွေက အများ ကြီးပဲလေ”ဟု တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။
အမှုတွင် တရားလိုတိုင်းအစိုးရဘက်မှ တရားလိုပြသက်သေ ၂ ဦးနှင့် တနင်္သာရီဂျာနယ်ဘက်မှ တရားခံပြ သက်သေ ၆ ဦးကို စစ်ဆေးခဲ့သည်။
တိုင်းအစိုးရဘက်မှ တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီး၏ ယာဉ်မောင်းတစ်ဦးနှင့် လက်ရှိအာဏာရ NLD ပါတီတွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးတို့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားသည်။
တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်း ရေးမှူး ဦးမြင့်ကျော်၊ သရော်စာဆရာ ဗြိတိသျှကိုကိုမောင်နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းဝင်များ၊ စာဖတ်ပရိသတ်များ စုစုပေါင်း ၆ ဦးကို တရားခံပြသက်သေအဖြစ် ထွက်ဆိုထားသည်။
တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာဖြစ်ပြီး ယင်း တရားစွဲဆိုမှုမှာ တနင်္သာရီတိုင်းအတွင်း NLD အစိုးရ လက်ထက်တွင် မီဒီယာကို ပထမဆုံး တရားစွဲဆိုမှုဖြစ်သည်။

 

Dawei Watch