မြိတ်လျှပ်စစ်မီး ယခုလအတွင်း မြိတ်အများပိုင် တာဝန်စယူမည်

0
939

မြိတ်မြို့အတွက် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို ယခုလအတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းထံမှ သိရသည်။
မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ဒီဇယ်ဈေးနှုန်းအပေါ်မူတည်တွက်ချက်ထားသည့် သတ်မှတ်မီတာခနှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု ထုတ်ပြန်ထားသည့်ကုမ္ပဏီ ဖြစ်သည်။
“ဒီလ(ဖေဖော်ဝါရီလ)အတွက် ဈေးက မသိရသေးဘူး၊ အကြမ်းအဖျင်း လျာထားတာက ကျပ် ၃၉၀ နှုန်းပါ”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏ ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။
ဖေဖော်ဝါရီအတွက် တစ်ယူနစ်လျှင် ၃၉၀ ကျပ်နှုန်းလျာထားပြီး နောက်လများ မှစပြီး ပုံမှန်သတ်မှတ်နှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျော့ဈေးဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။
အများပိုင်မှ လျှပ်စစ်ဓာတ်အားများ စတင်ဖြန့်ဖြူးမည့်ရက်နှင့် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်း ၉ ခုတို့မှ ရပ်နားမည့်ရက်ကို သတ်မှတ်နိုင်ရန် ဖေဖော်ဝါရီလ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း ကန်ခေါင်းမီးလင်းရေးလုပ်ငန်းမှ ဦးဘငယ်က ပြောသည်။

မီးလင်းရေးလုပ်ငန်းများက ၎င်းတို့ မရပ်နားခင်ကာလအထိ မီးအသုံးပြုခကို နှုန်းထားတစ်ခုဖြင့် ကောက်ခံမည်ဖြစ်ပြီး မြိတ်အများပိုင် ကုမ္ပဏီကလည်း ၎င်းတို့ စတင်တာဝန်ယူ သည့်နေ့မှစ၍ တစ်ယူနစ်လျှင် ကျပ် ၃၉၀ ၀န်းကျင် ကောက်ခံမည် ဖြစ်သည့်အတွက် ဖေဖော်ဝါရီလအတွက် မီတာကြေးဖြတ်ပိုင်း ၂ ခုထွက်လာမည်ဖြစ်ကြောင်း ဦးဘငယ်က ဆိုသည်။
လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် ဖေဖော်ဝါရီလအတွက် မီတာခကို ယခင်က ပုံမှန်ပေးသွင်းနေသည့် သက်ဆိုင်ရာ မီးလင်းရေးရုံးများတွင်သာ ပေးသွင်းရမည်ဖြစ်ကြောင်း အများပိုင်ကော်ပိုရေးရှင်း ထံမှ သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားများဖြန့် ဖြူးခြင်းလုပ်ငန်းကို မြိတ်အများပိုင်နှင့် Golden Green Energy Company  တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့်Myeik Green Energy Co.,Ltd က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်ထံမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)