ထားဝယ်ထီဆိုင်အချို့ တစ်ထောင်တန်ထီလက်မှတ်ကို ၁၁၀၀ ကျပ်ဖြင့်ရောင်း

0
913

ထားဝယ်မြို့ရှိ ထီဆိုင်အချို့တွင် တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များကို ၁၁၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
ရန်ကုန်မြို့ မိုးယံပင်ရင်းတွင် တစ်ထောင်ကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်လျှင် ၉၆၀ ကျပ်ဖြင့် ဝယ်ရပြီး သယ်ယူစရိတ်နှင့် အထွေထွေ စရိတ်များကြောင့် ၁၀၀၀ ကျပ်ဖြင့်ပြန် ရောင်းပါက တွက်ခြေမကိုက်ဟု ထားဝယ် မြို့၊ ဗိုလ်ချုပ်လမ်း တလိုင်းထိန်ရပ်ရှိ မိုးယံပင်ရင်းထီဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင်က ပြောသည်။
“ကုမ္ပဏီဈေးနဲ့ ယူရောင်းရတာဆိုတော့ တစ်ထောင်ရောင်းရင် မကိုက်ဘူး၊ အခွန်ရုံးက ယူရောင်းသူတွေကတော့ တစ်ထောင်နဲ့ ရောင်းနိုင်တာပေါ့၊ တစ်ပြည်လုံးလည်း ၁၁၀၀ နဲ့ ရောင်းနေကြတာပဲ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။
ထီလက်မှတ်သယ်ယူစရိတ်အပြင် ဆိုင်ခန်းခကြောင့် လက်မှတ်တစ်စောင် လျှင် ၁၁၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ထားဝယ်မြို့ နိဗ်္ဗာန်လမ်းရှိ ရွှေ မြန်မာ အရောင်းကိုယ်စားလှယ် ဒေါ်ချိုမာဆန်း က ပြောသည်။

ထားဝယ်မြို့ရှိ အခြားထီဆိုင်အချို့ ကမူ တစ်ထောင်ကျပ်ဖြင့်ရောင်းချလျက် ရှိသည်။
ရန်ကုန်မိုးယံပင်ရင်းထီဆိုင်တွင် ထီလက်မှတ် တစ်စောင်ကို ၉၆၀ ကျပ်နှုန်းဖြင့် အုပ်ရေ ရှစ်ထောင်ကျော်ဝယ်ယူထားပြီး တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့်ပင် ရောင်းချလျက်ရှိကြောင်း DELUXE IIထီဆိုင်မှ ဆိုင်ပိုင်ရှင် မစုဝေဖြိုးက ဆိုသည်။
ထီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး လက်ကားဝယ်ယူဖြန့်ဖြူးမည့် ထီလုပ်ငန်း ရှင်များအားလုံးကို လစဉ်ပုံမှန်အစည်း အဝေးခေါ်ယူပြီး တိုက်ရိုက်ဝယ်ယူရောင်း ချသူများအနေနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်၊ မိမိထီဆိုင်အမည်နှင့် ထပ်ဆင့်ရောင်းချသည့်ဆိုင်များကို ဈေးနှုန်းမြင့်မားမှုမရှိစေရန် ညှိနှိုင်းကြပ်မတ်ရန် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူ့လွှတ်တော်တွင် ဖြေဆိုထားသည်။
တစ်ထောင်ကျပ်တန် ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းတစ်သောင်းငါးထောင်ဖြစ်ပြီး ငါးရာကျပ်တန် ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းတစ်သောင်းဖြစ်သည်။

 

မိုးမြင့်