မြိတ်စည်ပင်သာယာဈေးကြီး ပြန်လည်မွမ်းမံရန်သာ ဈေးသူဈေးသားများ အဆိုပြု

0
670

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးကြီးအား အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက်မည့်အစား နဂိုရှိရင်းစွဲ အနေအထားကို ပြန်လည်မွမ်းမံ သွားရန်သာ ဈေးသူဈေးသားများ အဆိုပြုခဲ့ကြသည်။
ဖေဖော်ဝါရီလ ၃ ရက်က မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည့် ဆိပ်ငယ်ဈေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ဈေးသူဈေးသား များ၏ ဆန္ဒသဘောထားတောင်းခံခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ ဈေးသူဈေးသား အားလုံးက ပြန်လည်မွမ်းမံရန်သာ လက်ညှိုးထောင်ဆန္ဒပြုခဲ့ခြင်း ဖြစ်သည်။
လက်ရှိအဆောက်အအုံကိုသာ လေ၀င်လေထွက်ကောင်းအောင် အမိုး၊ အိမ်သာ၊ ရေမြောင်းနှင့် တခြားလိုအပ်သည်များကိုသာ ပြန်လည်ပြင်ဆင် မွမ်းမံ မှုပြုလုပ်ရန် ဈေးသူဈေးသားများက အဆိုပြုခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲ၌ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက ပျက်နေသည့်နေရာကိုသာ ပြင်ဆင်မွမ်းမံပြီး ကောင်းနေသည့်နေရာများအား မပြင် ဖို့ သဘောတူ/မတူကို ဈေးသူဈေးသားများ အား ၃ ကြိမ် မေးမြန်းခဲ့ရာ ၎င်းတို့အားလုံး က ပြင်ဆင်မွမ်းမံရန် ထောက်ခံအဆိုပြုခဲ့ ကြခြင်း ဖြစ်သည်။

“ကြားတဲ့အတိုင်းပဲ မဲပုံးထည့်နေ စရာ မလိုတော့ပါဘူး။ ဒါဟာဈေးသူဈေး သား အားလုံးရဲ့ ဆန္ဒသဘောထားပဲ”ဟု ဦးခင်မောင်သန်းက စည်ပင်သာယာရေး ကော်မတီနှင့် တက်ရောက်လာကြသူများရှေ့တွင် အတည်ပြုပြောဆိုခဲ့သည်။
ဟောင်းနွမ်းနေသည်မှာ မှန်သော်လည်း ၂ ထပ် ၃ ထပ်ဆောက်ရန် မလိုအပ်သေးဘဲ အကြီးစားပြန်လည်မွမ်းမံရန်သာ လိုအပ်နေကြောင်း ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်သင်းမောင်က ပြောသည်။
ဈေးသူဈေးသားများအနေဖြင့် မူလနေရာပြန်မရမည်ကို စိုးရိမ်ကြသည့်အပြင် ဆိုင်ခန်းတစ်ခန်းကို ဈေးနှုန်း သိန်းရာချီ ပေးသွင်းရမည်ဆိုသည့် ကော လာဟလများလည်း ထွက်ပေါ်နေသည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဈေးဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဈေးသူဈေးသားများ၏ သဘောတူညီချက် မရဘဲ ၀န်ကြီးချုပ်က ခွင့်ပြုမည် မဟုတ်သကဲ့သို့ လွှတ်တော်ကလည်း လက်ခံမှာမဟုတ်သည့်အပြင် စည်ပင် သာယာရေးအဖွဲ့ကလည်း ဈေးသူဈေး သားများ၏ ဆန္ဒများအား မျက်ကွယ်ပြုပြီး အဆင့်မြင့်ဈေးအကောင်အထည်ဖော်မည် မဟုတ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
စည်ပင်သာယာရေးအဖွဲ့ပိုင် ဆိပ်ငယ်ဈေးကြီး လက်ရှိဈေးအမိုးများ နိမ့်နေပြီး လေ၀င်လေထွက်မကောင်းသည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သည့်အပြင် ခေါင်အမိုးများ အဖာတစ်ရာဖြစ်နေ သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်သည့် ဈေးတစ်ခု အမှန်တကယ် လိုအပ်နေကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
သို့သော် အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက်မည့်ကိစ္စကို ဈေးသူဈေးသားများ၏ သဘောထားမပါဘဲ အစိုးရက လုပ်ဆောင်မည်မဟုတ်ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။
“ဈေးသူဈေးသားတွေ လုံးဝမနစ်နာတဲ့ နည်းလမ်းကို ရှာကြံပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်”ဟု၎င်းက ပြောသည်။
ယင်းဆွေးနွေးပွဲမှ ရရှိသည့် ဈေးသူဈေးသားများ၏ သဘောထားဆန္ဒများအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြပြီးမှ ဈေးပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက် ခြင်း/မဆောက်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး တစ်ထောင်ကျော်သာ ရှိသည့် ဈေးသူဈေးသားများ၏ သဘောထားများ ရယူ သကဲ့သို့ မြို့အင်္ဂါရပ်နှင့် မညီညွတ်တော့၍ အဆင့်မြှင့်ရန် ဆန်္ဒရှိနေသည့် မြို့သူ/မြို့ သားတို့၏ ဆန္ဒကိုလည်း အစိုးရအနေ ဖြင့် ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ မြို့သစ်ရပ်နေ အသက် ၅၅ နှစ်ရှိ ဦးလှိုင်တင်က ထောက်ပြပြောဆိုသည်။
မြိတ်စည်ပင်သာယာဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၅၀၃ ခန်းရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကိုဆန်း