နိုင်ငံခြားတွင် တရားဝင်အလုပ်သွားလုပ်မည့်သူများထံမှ ဝန်ဆောင်ခယူထားပြီး မပို့ပါက တိုင်ကြားနိုင်

0
695

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက နိုင်ငံခြားတွင် တရားဝင် အလုပ်လုပ်မည့်သူများထံမှ ၀န်ဆောင်ခ ငွေကြေးရယူထားပြီး မပို့ပါက ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဌာန (MRC)ထံ တိုင်ကြားနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မို့မို့သွင်က ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဌာန(MRC)ကို ထားဝယ်မြို့ ကမ်းနားလမ်းရှိ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးရုံးတွင် ဖွင့်လှစ်ထားသည်။
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ နှင့်ကြားပွဲစားများက ငွေကြေးရယူပြီး မပို့ဆောင်ပေးကြောင်း တိုင်ကြားလာပါက ရုံးချုပ်ထံ ဆက်တင်ပြပြီး ဖြေရှင်းပေးမည် ဖြစ်ကြောင်း ဒေါ်မို့မို့သွင်က ဆိုသည်။
“တိုင်ချင်ရင် လာတိုင်လို့ရတယ်၊ တိုင်ချက်ကို လက်ခံပြီး ဖြေရှင်းပေးမယ်”ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဌာနအနေဖြင့် တိုင်ကြားချက်များကို လက်ခံဖြေရှင်းပေးခြင်းအပြင် ပြည်ပသို့ သွားလုပ်မည့်သူများလည်း လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း ဒေါ်မို့မို့သွင်က ဆိုသည်။

စုံစမ်းမေးမြန်းသူများကို တရားဝင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ စာရင်းနှင့် ဖုန်းနံပါတ်များကို ကူညီခြင်း၊ လိုအပ်သည့်အချက်အလက်များကို ရှင်းပြ ခြင်းများ လုပ်ဆောင်ပေးကြောင်း ၎င်းက ပြောသည်။
တိုင်းအတွင်း ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူအများစုမှာ နယ်ဒေသခံများဖြစ်သည့်အတွက် ယင်းကဲ့သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းတို့သိရှိစေရန် ကျေးရွာအလိုက် ပညာပေးအစီအစဉ်များ လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့နေ မယုမွန်စိုးက ဆိုသည်။
“အဲလိုမျိုးဆိုတာ မသိသေးတဲ့သူတွေ အများကြီးရှိနေဦးမယ်လို့ ယုံကြည်တယ်”ဟု မယုမွန်စိုးက ပြောသည်။
မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးက ပြည်ပတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါက လာရောက်ဆက်သွယ်နိုင်ပြီး အဆိုပါဌာနမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွင် အခြေစိုက်ထားသည့် သံအရာရှိကို ဆက်သွယ်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဒေါ်မို့မို့သွင်က ဆိုသည်။
၂၀၁၈ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား များ ထောက်ပံ့ကူညီပေးရေးဌာနသို့ လာ ရောက်စုံစမ်းသူ ၆၈ ဦးရှိကြောင်း အထက် ပါ ဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံသို့ တရားဝင်ပို့ဆောင်ခွင့်လိုင်စင်ရှိသည့် အေဂျင်စီပေါင်း ၁၁၁ ခုရှိပြီး အလုပ်သမားတစ်ဦးလျှင် မြန်မာငွေကျပ် တစ်သိန်းခွဲနှင့် ထိုင်းဘတ်ငွေ ငါးထောင် ပေးဆောင်ရန် သတ်မှတ်ထားကြောင်း အထက်ပါရုံးထံမှ သိရသည်။

 

ကိုဇော်