တနင်္သာရီတိုင်း မီတာခွဲတမ်း နှစ်ထောင်ကျော်သာရရှိ

0
518

ထားဝယ်ခရိုင်တစ်ခုတည်းတွင်ပင် သုံးထောင်ကျော်ခန့်အလိုရှိနေသည့် အိမ်သုံးမီတာများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ ချထားပေးသည့်မီတာမှာ အလုံးရေ နှစ်ထောင်ကျော်ရှိကြောင်း တနင်္သာရီတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးက ထုတ်ပြန်ထားသည်။
တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးမှ ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်အတွက် ရုံးချုပ်မှ ပထမဦးဆုံး ထုတ်ယူရရှိသည့် အိမ်သုံးမီတာမှာ ထားဝယ်ခရိုင်အတွက် အိမ်သုံးမီတာ ၁၇၄၃ လုံး၊ မြိတ်ခရိုင်အတွက် ၅၅၁ လုံး၊ ကော့သောင်းခရိုင်အတွက် ၂၂၄ လုံး  စုစုပေါင်း ၂၅၁၈ လုံးသာရှိကြောင်း ဖော်ပြထားသည်။
ထားဝယ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိစာရင်းအရ ထားဝယ်ခရိုင်ရှိ အိမ်သုံး မီတာလျှောက်ထားသူ သုံးထောင်ကျော် (၃၃၆၀) ဦးကို မီတာမတပ်ဆင်ပေးနိုင်သေးကြောင်း သိရသည်။
တိုင်းအတွင်း အိမ်ထောင်စုပေါင်း သုံးသိန်းနီးပါး(၂၈၃၀၉၉) စုရှိရာ အိမ်ထောင်စုပေါင်း တစ်သိန်းကျော် (၁၀၈၀၇၁) ကိုသာ လျှပ်စစ်ဖြန့်ဖြူးပေးထားနိုင်ပြီး စုစုပေါင်း လျှပ်စစ်ဖြန့်ဖြူးပေးထားနိုင်သည့် အိမ်ထောင်စု ၃၈ ဒဿမ ၁၇ ရာခိုင်နှုန်းသာရှိသေးကြောင်း တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံး ထုတ်ပြန်ချက်အရ သိရသည်။

 

Dawei Watch