ထားဝယ်တွင် Red Dot ကိုယ်စားလှယ် တစ်ရာကျော် ငွေဆုံး

0
961

အီလက်ထရွန်းနစ် ဖုန်းဘေလ်ဖြည့်သွင်း ၀န်ဆောင်မှုပေးသည့် Myanmar Red Dot Network ကုမ္ပဏီ ရုတ်တရက် ပိတ်လိုက်သဖြင့် ထားဝယ်ခရိုင်တွင် Red Dot စက်ဖြင့် ဖုန်းဘေလ် ရောင်းချနေ သည့် ကိုယ်စားလှယ် တစ်ရာကျော် ငွေဆုံးရှုံးနစ်နာနေကြောင်း ထားဝယ်ရှိ Red Dotကိုယ်စားလှယ်များက ပြောသည်။
ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် တစ်ရာကျော်အပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်နှစ်သောင်းကျော် ရှိသည့် Red Dot ကုမ္ပဏီသည် ရန်ကုန်ရှိ ရုံးချုပ်အပါအ၀င် တိုင်းနှင့် ပြည်နယ်များ တွင် ဖွင့်လှစ်ထားသည့် ရုံးများကို ဖေဖော်ဝါရီလ ၄ ရက်က တစ်ပြိုင်တည်း ပိတ်သိမ်းပြီး တာဝန်ရှိသူများ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ် နှစ်သောင်းကျော်၏ ငွေကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးနစ်နာခဲ့ကြောင်း ပုဂ္ဂလိက သတင်းစာများတွင် ရေးသားဖော်ပြထားသည်။
ယင်းကဲ့သို့ ပိတ်လိုက်သဖြင့် Red Dot စက်တန်ဖိုး ၇၅၀၀၀ ကျပ်(ပရိုမိုးရှင်း ကာလ ၅၀၀၀၀ ကျပ်) နှင့် ဖုန်းဘေလ်ပြန် လည်ရောင်းချရန် ဖြည့်သွင်းထားသော ကြိုတင်ငွေများဆုံးရှုံးခဲ့ကြောင်း Red Dot ကိုယ်စားလှယ်များက ဆိုသည်။
ထားဝယ်မြို့ရှိ Red Dot စက်ဖြင့် ဖုန်းဘေလ်ရောင်းသည့်ဆိုင်(Red Dot ကိုယ်စားလှယ်များ) ၁၁ ဆိုင်ကို တနင်္သာရီ အပတ်စဉ်မှ မေးမြန်းချက်အရ စက်တန်ဖိုးအပြင် ကြိုတင်ငွေ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံးကျပ် တစ်သိန်းခွဲအထိ ဆုံးရှုံးခဲ့ကြသည်။

“တချို့ဆို သုံးလေးသိန်းလောက် ပါသွားတဲ့သူတွေလည်းရှိတယ်လို့ကြားရတယ်”ဟု Red Dot  ဖြင့် ဖုန်းဘေလ် ရောင်းချဖူးသည့် ထားဝယ်မြို့ စည်ပင် သာယာဈေးကြီး တောင်ဘက်လမ်းရှိ စိုးစိုးလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးစိုးမြင့်က ဆိုသည်။
ထားဝယ်ခရိုင်တွင် Red Dotကိုယ်စားလှယ်ဦးရေမှာ ၂၀၁၈ ခုနှစ် နှစ်လယ်ခန့်တွင်ပင် ၁၁၀ ဦးခန့် ရှိသည် ဟု ထားဝယ်မြို့ရှိ Red Dot ကုမ္ပဏီ ၀န်ထမ်းတစ်ဦးပြောကြားချက်အရ သိထား ကြောင်း ဦးစိုးမြင့်က ပြောသည်။
ယင်းကုမ္ပဏီ ပိတ်သိမ်းပြီး ပိုင်ရှင် ဖြစ်သူ ထွက်ပြေးနေကြောင်း ကြားသိရသည့် အချိန်မှစပြီး ထားဝယ်ရှိ Red Dot ကုမ္ပဏီအပါဝင်Red Dot Call Center၊ ထားဝယ်မြို့ရှိ ၀န်ထမ်းများအားလုံးကို ဖုန်းဆက်သွယ်မရတော့ကြောင်း Red Dot ကိုယ်စားလှယ်များက ဆိုသည်။
“အနည်းဆုံးတော့ စက်တန်ဖိုးလေးတော့ ပြန်ပေးစေချင်တယ်”ဟု ငွေကြေး တစ်သိန်းကျော် ဆုံးရှုံးခဲ့သည့် ထားဝယ် မြို့ အာဇာနည်လမ်းရှိ လောကချမ်းသာ သင်္ကန်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငွေကြေးဆုံးရှုံးမှုနှင့်ပတ် သက်ပြီး သက်ဆိုင်ရာ ရဲစခန်း၊ စားသုံးသူ ရေးရာဦးစီးဌာန တို့ကို တိုင်ကြားထားခြင်းများမရှိကြောင်း ၎င်းတို့က ပြောသည်။
Red Dot စက်ဖြင့် ဖုန်းဘေလ် ကို၂၀၁၈ ခုနှစ် နှစ်လယ်ခန့်ကတည်းက ရောင်းချမရဘဲ ဖြစ်နေကြောင်း ထားဝယ် မြို့ရှိ Red Dot ကိုယ်စားလှယ်များထံမှ သိရသည်။

 

ကျော်သူစိုး