အခြေခံကျောင်းတွင်သင်မည့် ဆလုံကျောင်းသုံးစာအုပ်ပြုစုရန် စီစဉ်

0
549

ဆလုံတိုင်းရင်းသားများရှိသည့် အခြေခံပညာကျောင်းများတွင် သင်ကြားမည့် ဆလုံတိုင်းရင်းသားစာဖြင့် ကျောင်းသုံးစာအုပ် ရေးသားပြုစုရန် စီစဉ်နေကြောင်း မော်ကယ်(ဆလုံ)စာပေဖွံ့ဖြိုးရေးကော် မတီ(ယာယီ) ဥက္ကဋ္ဌ စောရုဘေက ပြောသည်။
ယင်းစာအုပ်ရေးသားရန်အတွက် အထက်ပါကော်မတီနှင့် တနင်္သာရီတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ကုလသမဂ္ဂနိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေ အဖွဲ့(UNICEF) စသည့်အဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း စောရုဘေက ပြောသည်။
“(ဆလုံစာကို) လာမယ့် ၂၀၁၉- ၂၀ ပညာသင်နှစ်မှာ သင်ဖြစ်မလားတော့ မပြောတတ်ဘူး”ဟု ၎င်းက ဆိုသည်။
တိုင်းအစိုးရအဖွဲ့အနေဖြင့် ဆလုံစာကို ဆလုံတိုင်းရင်းသားများရှိသည့် အခြေခံပညာကျောင်းများတွင် သင်ကြားခွင့်ပြုကြောင်း ၂၀၁၈ ခုနှစ်က အတည်ပြုထားပြီး ပြည်ထောင်စုအစိုးရအတည်ပြုချက်ရရှိရန် ဆက်လက်တင်ပြထားကြောင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလုကာက ပြောသည်။

ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ရရှိမှ တိုင်းအစိုးရအဖွဲ့ကအတည်ပြုထားသည့် ဆလုံစာကို အခြေခံကျောင်းများတွင် သင်ကြားခွင့်ရမည်ဖြစ်ကြောင်း စောလုကာက ပြောသည်။
ဆလုံစာကို အခြခံကျောင်းတွင်သင် မည်ဆိုပါက ကျောင်းဆရာမခန့်ထားရေး စသည့် ရန်ပုံငွေလိုအပ်ချက်ရှိလာမည် ဖြစ်သောကြောင့် အချိန်ကြာနိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာအက္ခရာကို အခြေခံရေးသားထားသည့် ဆလုံစာတွင် ဗျည်း ၂၂ လုံးနှင့် အဓိက သရ ၇ လုံးပါဝင်ကြောင်း မော်ကယ် (ဆလုံ)စာပေဖွံ့ဖြိုးရေးကော်မတီ(ယာယီ) ထံမှ သိရသည်။

 

 

 

Dawei Watch